ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၁၈)ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၁၈)ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်




MNP - မတ်   ၂၉

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် (၁၈)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂါမနိ လပ်က်ရှ်မင်းန် ပီးရဲစ် (H.E. Professor Gamini Lakshman Peiris) က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခြားဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

အစည်းအဝေး၌ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက် လာကြသော ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများက မိန့်ခွန်းများ ပြောကြားကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘုံရည်မှန်းချက်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခုနှစ်၊ ဇွန် ၆ ရက်တွင် (၂၅)နှစ်ပြည့် ငွေရတုမှတ်တိုင် စိုက်ထူထားနိုင်ပြီဖြစ်သည်ကို ကျေနပ်ဖွယ်ရာ တွေ့မြင်ရကြောင်း၊ သဘာဝဘေးအန္တရာယ်၊ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါနှင့် လူဦးရေ တိုးတက်လာမှုတို့သည် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ် စေလျက်ရှိကြောင်း၊ ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ လယ်ယာစိုက်ပျိုးရေး နှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း၌ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍတို့၌ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးတွင် အတည်ပြုမည့် “ဘင်းမ်စတက်ပို့ဆောင်ဆက်သွယ်မှု မြှင့်တင်ရေးစီမံချက်”သည် ဒေသတွင်းပေါင်းစည်းနိုင်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရုံသာမက ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုကိုလည်း တိုးမြှင့်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒေသတွင်းအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို နှိမ်နင်း ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့သည် ခိုင်မာသည့် ခွန်အား တစ်ရပ် ဖြစ်စေမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက်ဒေသသည် သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက် လေ့ရှိကြောင်း၊  အဖွဲ့ဝင်နိုင်ငံများ၏ သဘာဝ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင် ရည်များ တိုးတက်လာစေရေးအတွက် သင်တန်းများနှင့်  PANEX-21 ကဲ့သို့ ပူးပေါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အိန္ဒိယနိုင်ငံကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း၊ မတူကွဲပြားသော ဘာသာတရား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ အပေါ် အပြန်အလှန် နားလည်မှုကို မြှင့်တင်ပေးရန်အတွက် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပေးရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ် စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အချုပ်အခြာ အာဏာတန်းတူညီတူရှိမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု၊ အပြန်အလှန် လေးစားမှုနှင့် တူညီဆန္ဒ စသည့် အခြေခံမူများကို တိကျစွာ လိုက်နာကျင့်သုံးလျက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဌာန်ထားရှိမှုကို ထပ်လောင်း အတည်ပြုကြောင်း ထည့်သွင်း ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးတွင် အတည်ပြု/လက်မှတ်ရေးထိုးမည့် စာရွက်စာတမ်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေအပေါ် ဆွေးနွေးခဲ့ကြပြီး၊ (၁၈)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ဖြင့် အတည်ပြုနိုင်ခဲ့သည်။ 

ထို့နောက် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂါမနိ လပ်က်ရှ်မင်းန် ပီးရဲစ် က ဘင်းမ်စတက် ပူးပေါင်း ဆောင်ရွက်မှု အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း (H.E. Mr. Don Pramudwinai) ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)