ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းမျိုးနွယ်စုအားလုံးပါဝင်သည့် အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းမျိုးနွယ်စုအားလုံးပါဝင်သည့် အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပ



MNP - မတ်    ၂၇

 ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်သည့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စု ပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပထမဆုံးအကြိမ် အဖြစ်ဖွင့်ပွဲကို မတ် ၂၅ ရက် ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ရှိ ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင် မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသား ဘောလုံးအသင်းသားများအား ဒီကနေ့ ကျင်းပပြုလုပ်သည့် ပြိုင်ပွဲသည် ပြည်နယ်အတွင်း ပထမဦးဆုံး ကျင်းပသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အနှစ်သာရ ပြည့်ဝကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့နှင့် တိုင်းရင်းသားမျိုးနွယ်စုများအကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုများကို မြင့်တွေ့နိုင်သကဲ့သို့ မျိုးနွယ်စုအချင်းချင်း စည်းလုံးညီညွတ်စေမှုကို ပြသသည့်အပြင် မျိုးနွယ်စုများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာသည်နှင့်အမျှ ပြည်နယ်၏ အကျိုးစီးပွားအတွက် လက်တွဲညီညီဖြင့် အကောင်အထည်ဆောင်ရွက်သွားမည့် တိုင်းရင်းသား အားလုံး၏ စိတ်ဓာတ်ကို ဖော်ပြခြင်းဖြစ်ပါကြောင်း ဂုဏ်ပြုအားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မျိုးနွယ်ပေါင်းစုံဘောလုံး ပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်း ဆောင်ရွက် သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားကာ ၂၀၂၂ ခုနှစ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသား ဘောလုံး ပြိုင်ပွဲအား ဖွင့်လှစ်လိုက်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ခေါင်းဆောင်များက ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြမည့် ကချင်မျိုးနွယ်စု ဘောလုံးအသင်းများဖြစ်သည့် ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ်မျိုးနွယ်စုဘောလုံးအသင်းများ၊ ရှမ်းမျိုးနွယ်စု ဘောလုံးအသင်းများဖြစ်သည့် တိုင်းလုံ၊ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းဆာ၊ တိုင်းခမ်းတီအသင်းများနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စုအသင်းတို့မှ နည်းပြ၊ အုပ်ချုပ်သူများနှင့် ကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ရိုးရာယဉ်ကျေးမှု အကအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၈ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် ရှမ်းမျိုးနွယ်စုအသင်းများ ဖြစ်ကြသည့် တိုင်းလေ FC အသင်းနှင့် တိုင်းခမ်းတီ FC အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။

 အဆိုပါ တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံဘောလုံးပြိုင်ပွဲကို ဘောလုံး အသင်း (၁၂)သင်းဖြင့် အုပ်စု (၄)ခုခွဲ၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို ၈.၄.၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့်ဖြစ်ကြောင်းနှင့် ပထမတံခွန်စိုက် ဒိုင်းရသည့်အသင်းအား ငွေကျပ် သိန်း ၂၀ နှင့် ကျန်ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)