MNP - မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသူများအား ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။
ထိုကဲ့သို့ ထိုးနှံပေးရာတွင် မင်းဘူး(စကု)မြို့နယ် အတွင်း၌ မတ်လ ၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ထိုးနှံ ပေးသွားမှာဖြစ်ပြီး သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက် ၁၈ နှစ်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများ၊ လူမျိုးမရွေး ဘာသာမရွေး ဦးတည်အုပ်စုများသတ်မှတ်၍ ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းများနှင့် သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆေထိုးစုရပ် ၁၄ နေရာထား၍ ထိုးနှံပေးလျက်ရှိပြီး ကျေးရွာများတွင် ရွာသာယာ၊ ရေတွင်းကုန်း၊ ဆင်ခေါင်း၊ ကျောက်စံ၊ မင်းလှကျင်း၊ ခွန်သာ၊ ထိန်တော၊ အိုင်းမ၊ ပန်းလွှား၊ ကျောက်စစ်ပုံ၊ သီးကုန်း၊ ကဘဲ့မကျီးချောင်း ၁၂ နေရာ၊ မင်းဘူးမြို့ စကုမြို့နှင့် ပေါင်း ၁၄ နေရာ ထိုးနှံပေးလျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်တွင် ၁၈ နှစ်ပြည့် ဆေးထိုးနှံရမည့်သူဦးရေ ၁၂၀၀၀၀ ကျော်ရှိရာ ယနေ့အထိ ကာကွယ်ဆေး ထိုးနှံ ပြီးသူပေါင်း ၉၅၉၆၂ ဦး ထိုးနှံပြီးစီး ဆောင်ရွက်နိုင်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
MNP - ဇေယျာထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment