MNP - မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု ရှုခင်းသာ(၂) ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မီးကြွင်းမီးကျန်မှတဆင့် နေအိမ်(၅)လုံးမီးလောင်ကျွမ်းခဲ့သဖြင့် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စု(၅)စုအား ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဉီးစိုင်းမွန်ဆေးသောင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဘိုဘိုဇော်တို့ကခေါက်ဆွဲခြောက်(၂)ဖာနှင့် ငါးသတ္တာ(၂)ကတ် တို့ကိုလည်းကောင်း၊ ခရိုင်ကြက်ခြေနီအဖွဲ့က အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ပစ္စည်း(၂၁)မျိုးပါ ကော်ပုံးနီ(၁)ပုံးစီကို လည်းကောင်း၊ အဖြူရောင်လူငယ်အဖွဲ့က အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၀၀၀၀၀)ကိုလည်းကောင်း၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက အိမ် ထောင်စု(၁)စုလျှင် စောင်(၁)ထည်၊ ဖျာ(၁)ချပ်စီနှင့် အိမ်သုံးပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်း - ယဉ်ယဉ်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment