မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အတွက် နှစ်ဖက်အစိုးရ- ပုဂ္ဂလိကတာဝန်ရှိသူများဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အတွက် နှစ်ဖက်အစိုးရ- ပုဂ္ဂလိကတာဝန်ရှိသူများဆွေးနွေးပွဲကျင်းပ



MNP - မတ်    ၂၄

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင် ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဖက်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့က ဦးဆောင် ၍ နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation) အား လက်မှတ်ရေးထိုးနိုင်ရေးကို ဆွေးနွေး ဆောင်ရွက် နေကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုစာချွန် လွှာတွင် နှစ်ဖက်အပြန်အလှန် အကျိုးရှိမည့် စီးပွားရေးနယ်ပယ်ကဏ္ဍ များအား ရွေးချယ်၍ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ EAEU အဖွဲ့ဝင်နိုင်ငံများအနက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ တို့နှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက် လျက်ရှိ သကဲ့သို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင်လည်း မဟာဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့ လာစေရေး ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် တိုးတက်ကောင်းမွန်စေ ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ၊ ဓါတ်မြေဩဇာထုတ်လုပ်ရေး ကဏ္ဍ၊ စားသုံးဆီထုတ်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာ့ ပို့ကုန်များကို ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ နိုင်ငံမှ လိုအပ်သည့် ဓါတ်မြေဩဇာများ၊ ရေနံထွက်ပစ္စည်းများနှင့် လယ်ယာ သုံးစက်ကိရိယာများ တင်သွင်းရေး ကိစ္စများကို ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ 

ထို့နောက် ဥရောပအာရှ စီးပွားရေးကော်မရှင်(Eurasian Economic Commission-EEC)၊ အကြီးစား စီးပွားရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ     Mr. Andrey DIANSKY နှင့် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော်(ငြိမ်း)တို့က ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် အလား အလာများကို ဆွေးနွေးကြသည်။  

ဆက်လက်၍ အဓိကပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့် စွမ်းအင်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သတ္တုကဏ္ဍ၊ အခြေခံ အဆောက်အဦ၊ သတင်း အချက်အလက်နှင့် ပို့ဆောင်ဆက်သွယ်ရေးနည်းပညာ၊ စက်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဥရောပအာရှ စီးပွားရေးကော် မရှင်(Eurasian Economic Commission-EEC)၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံး အကြီးအကဲတို့က ဦးဆောင်၍ နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်မှ စီးပွားရေးကဏ္ဍအလိုက် အစိုးရနှင့် ပုဂ္ဂလိကတာဝန်ရှိသူများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အခွင့်အလမ်းများ၊ ကဏ္ဍအလိုက် အဓိကပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ EAEU ဘက်မှ တက်ရောက်လာသည့် လုပ်ငန်းရှင်များကလည်း နှစ်ဖက်အပြန်အလှန် ပူးပေါင်း ဆောင်ရွက်လိုသည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီးပွားရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှု ဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ဥရောပအာရှစီးပွားရေးကော်မရှင်ဘက်မှ သက်ဆိုင်ရာ တာဝန်ရှိအကြီး အကဲများနှင့် စီးပွား ရေးလုပ်ငန်းရှင်များ တက်ရောက်သည်။

ညပိုင်းတွင် ဆွေးနွေးပွဲတက်ရောက်လာသည့် ဥရောပအာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့် မြန်မာဘက်မှ ကိုယ်စားလှယ်များကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)