အနောက်နိုင်ငံများက သဘာဝဓာတ်ငွေ့ကို ရူဘယ်ဖြင့် ဝယ်ယူရန်ငြင်းဆို၊ ရုရှားကအခြေအနေကို ရှင်းလင်းစွာ သိရှိရန် တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနောက်နိုင်ငံများက သဘာဝဓာတ်ငွေ့ကို ရူဘယ်ဖြင့် ဝယ်ယူရန်ငြင်းဆို၊ ရုရှားကအခြေအနေကို ရှင်းလင်းစွာ သိရှိရန် တိုက်တွန်း


ပေကျင်း၊ မတ် ၃၀ 

G7 က ရုရှားနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကို ရူဘယ်ငွေကြေးဖြင့် ဝယ်ယူခြင်း တောင်းဆိုချက်အား လိုက်နာမည်မဟုတ်ဟု ထုတ်ဖော်ပြောကြားပြီးနောက် ရုရှားက ရပ်တည်ချက် ပြောင်းလဲမှုမရှိကြောင်းနှင့် အခြေအနေကို ရှင်းလင်းစွာ သိရှိရန် တိုက်တွန်းကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားသည် သဘာဝဓာတ်ငွေ့ကို “အခမဲ့ထောက်ပံ့မည်မဟုတ်” “ရူဘယ်ဖြင့်သာ ဝယ်ယူနိုင်” ကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း စတင်ပြီးနောက် အနောက်တိုင်းအုပ်စုက ရုရှားအပေါ်  ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ရုရှားမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများစသည့် “ချစ်ကြည်ရင်းနှီးမှုမရှိသည့်” နိုင်ငံနှင့် ဒေသများသို့ သဘာဝဓါတ်ငွေ့ရောင်းချသည့်အခါ ရူဘယ်နှင့်ပြောင်းလဲတွက်ချက်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။ ပူတင်က ရုရှားအစိုးရ၊ ဗဟိုဘဏ်နှင့် ရုရှား Gazprom ကုမ္ပဏီအား မတ် ၃၁ ရက် မတိုင်မီ သက်ဆိုင်ရာ စီမံချက်များ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ဥရောပကရုရှား၏ ရူဘယ်ငွေကြေးဖြင့် တွက်ချက်ခြင်းတောင်းဆိုချက်အပေါ် တုံ့ပြန်မှုသည် “မပြည့်စုံသော” “စိတ်မြန်လက်မြန်မှု” ဖြစ်ကြောင်းနှင့် “အီးယူနိုင်ငံတွေအတွက် ယခုအခါ ရုရှားစွမ်းအင်ကို စွန့်လွှတ်ခြင်းက တစ်နည်းအားဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်ကြောင်း” ဥရောပသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် Vladimir Chizhov က Rossiya-24 သတင်း ရုပ်သံလိုင်းအား ပြောကြားခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် Olaf Scholz စသည့် ဥရောပနိုင်ငံမှ ခေါင်းဆောင်များက ၎င်းတို့သည် ရူဘယ်ငွေကြေးဖြင့် တွက်ချက်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ယခင်က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ တောင်းဆိုချက်သည် “တစ်ဖက်သတ်” ဖြစ်ကာ “ရှိပြီးသားသဘောတူစာချုပ်များအား ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်း” ဖြစ်ကြောင်းနှင့် G7 သည် “ရူဘယ်ဖြင့် တွက်ချက်မှုကို လက်မခံနိုင်” ကြောင်း ဂျာမနီနိုင်ငံ စီးပွားရေး နှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးလည်းဖြစ်သူ ဂျာမနီ ဒုတိယဝန်ကြီးချုပ် Robert Habeck က G7 စွမ်းအင်ဝန်ကြီးများ၏ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

“(အနောက်တိုင်း)က ရုရှားအပေါ် စီးပွားရေးစစ်ပွဲ စတင်ပြီးနောက် အခြေအနေဟာ လုံးဝပြောင်းလဲသွားပြီဆိုတာကို (ဥရောပ)လုပ်ငန်းတွေအနေနဲ့ နားလည်ထားရမယ်”ဟု Peskov က မတ် ၂၉ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။

"ရုရှားထက် ပိုကောင်းတဲ့ (ရွေးချယ်မှု) မရှိပါဘူး၊ တခြားရွေးချယ်စရာတွေက ပိုဆိုးပါတယ်။ အဲဒါက အဖြစ်မှန်ပဲ" ဟု ၎င်းက ဆိုသည်။

ရုရှားစွမ်းအင်သည် ဥရောပနိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်အတွက် အရေးပါကြောင်း၊ ဥရောပသမဂ္ဂ လိုအပ်သော သဘောဝဓာတ်ငွေ့၏ ၄၀ ရာခိုင်နှုန်းခန့်သည် ရုရှားမှ တင်သွင်းခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ၏ စီးပွားရေးနိုင်ငံကြီးဖြစ်သည့် ဂျာမနီ၏ ၂၀၂၁ ခုနှစ်အတွင်း ရုရှားသဘာဝဓာတ်ငွေ့ တင်သွင်းမှုသည် စုစုပေါင်းတင်သွင်းမှု၏ ၅၅ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ခုနှစ် ပထမလေးလပတ်တွင် တင်သွင်းမှု ကျဆင်းခြင်းရှိသော်လည်း တင်သွင်းမှု အချိုးအစားမှာ ၄၀ ရာခိုင်နှုန်းရှိနေသေးကြောင်း သိရသည်။ ဂျာမနီ စသည့်နိုင်ငံများသည် စွမ်းအင် တင်သွင်းမှု အရင်းအမြစ်များ တိုးချဲ့ရန် ကြိုးပမ်းရှာဖွေနေကြသော်လည်း ဖြေးဖြေးချင်းရှာဖွေခြင်းက လက်တလောအကြပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ဂျာမနီသည် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမတိုင်မီ ရုရှားစွမ်းအင်ကို လုံးဝစွန့်လွှတ်နိုင်မည်မဟုတ်ကြောင်း Habeck က ပြောကြားခဲ့သည်။

ဂျာမနီစွမ်းအင်နှင့် ရေလုပ်ငန်းအဖွဲ့အစည်းက အစိုးရအား စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေ သတိပေးချက်အနေဖြင့် စွမ်းအင်ပြတ်လပ်မှု တုံ့ပြန်ရေး အစီအစဉ် ပထမအဆင့် စတင်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ အကယ်၍ အမြင့်ဆုံးအဆင့်ဖြစ်သည့် တတိယအဆင့် ရောက်ရှိပါက ဈေးကွက်အနေဖြင့် စွမ်းအင်ပြတ်လပ်မှုကို မဖြေရှင်းနိုင်ကြောင်း လက္ခဏာပြသည်ဖြစ်၍ အစိုးရမှ ကြားဝင်ကာ စွမ်းအင်ဝေငှရေး လုပ်ဆောင်ရမည်ဖြစ်သည်။ ဂျမနီမှ သဘာဝဓာတ်ငွေ့ပြတ်လပ်မှု ပြင်းထန်လာပါက အိမ်သုံးဓာတ်ငွေ့အာမခံခြင်းကို စက်မှုလုပ်ငန်းသုံးဓာတ်ငွေ့ထက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"အဲ့လိုအခြေအနေက စက်မှုကုန်ထုတ်မှု ပြတ်တောက်စေမယ်၊ ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်ပြီး ဆိုးဝါးတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာမှာ သေချာပါတယ်။" ဟု ဂျာမနီနိုင်ငံ၏ အကြီးဆုံး စွမ်းအင်ကုမ္ပဏီ E.ON စွမ်းအင်ကုမ္ပဏီ အကြီးအကဲ Leonard Birnbaum က ARD အားပြောကြားခဲ့သည်။ 


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)