ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စည်းကမ်းတကျ ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စည်းကမ်းတကျ ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး



MNP ၊ မတ်လ ၈ 

ကချင်ပြည်နယ်အတွင်း မြန်မာ - တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်၍ စည်းကမ်းတကျဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက် အမှာစကား ပြောကြားသည်။ 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မိုင်ပေါင်း ၆၀၀ ကျော် တစ်ဆက်တစ်စပ်တည်း ဆက်စပ်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှတစ်ဆင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသော အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကန်ပိုက်တီ၊ လွယ်ဂျယ် နယ်စပ်ဂိတ်များအပြင် ပန်ဝါနှင့် ဖီမော်နယ်စပ်ဂိတ်များကိုလည်း ကုန်စည်စီးဆင်းနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကို ပိုမိုကောင်းမွန်သော နည်းစနစ်များဖြင့် ထိန်းချုပ်ဆောင်ရွက်ပြီး ဥပဒေနှင့်အညီ စည်းကမ်းတကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ ကုန်စည်တင်ပို့မှုဆိုင်ရာ လုပ်ငန်းများအတွက် MOU ၊ MOA ရေးထိုးပြီး ပိုမိုအဆင့်မြင့်သော ကုန်သွယ်မှုလုပ်ငန်း ဖြစ်စေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။ 

ထို့နောက် တက်ရောက်လာကြသည့် မြန်မာ - တရုတ် ကုန်စည်စီးဆင်းရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များက ကန်ပိုက်တီ နယ်စပ်ဂိတ်ဖွင့်လှစ်ပြီး ကုန်စည်တင်/ပို့နိုင်ခဲ့မှုများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အဆင့်ဆင့် စိစစ်ကြပ်မတ် ဆောင်ရွက်မှုများ၊ ကုန်တင်ကားအပါအဝင် ကုန်ပစ္စည်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအပေါ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးကြပ်မတ် ဆောင်ရွက်မှုများ၊ ထိန်ချုံးပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်း၍ ယာဉ်ဝင်/ ထွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးလုပ်ငန်းအတွက် MOU ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တရုတ်နိုင်ငံနယ်စပ်တွင် မြန်မာပိုင်ကားများ ပိတ်မိနေမှုအပေါ် အမြန်ဆုံး ပြန်လည်ရောက်ရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့် တစ်သျှူးငှက်ပျော ထုတ်ကုန်များ အချိန်မီ တင်ပို့နိုင်ရေးအပါအဝင် အခြားစိုက်ပျိုးသီးနှံထုတ်ကုန်များ တင်/ ပို့ နိုင်ရေးအတွက် အကြံပြုညှိနှိုင်းဆွေးနွေး တင်ပြခဲ့ကြသည်။ 


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများအားလုံးက ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)