မြိတ်မြို့နယ်တွင် ပြည်သူများအား ဧပြီလအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ်တွင် ပြည်သူများအား ဧပြီလအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးသွားမည်




MNP - မတ်     ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူလူထုများအား ဧပြီလအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

“ မြိတ်မြို့နယ်အနေနဲ့ ကာကွယ်ဆေးထိုးဖို့ အသက်(၁၈)နှစ်အထက် (၁၉၅၄၁၃)ဦး လျာထားပြီး ကာကွယ်ဆေးထိုးပေးနေပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ (၈၃)ရာခိုင်နှုန်း ထိုးနှံ ပေးပြီးဖြစ်ကာ လူဦးရေရဲ့ (၁၇)ရာခိုင်နှုန်းမှာ ဆေးထိုးဖို့ကျန်ပါသေးတယ်။ ဆေးထိုးဖို့ ကျန်တဲ့သူတွေကို ဧပြီလအတွင်းမှာ (၁၀၀)ရာခိုင်နှုန်း ထိုးနှံပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

မြိတ်မြို့နယ်အတွင်း ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု များပြားလာတာတွေ့ရှိရပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် သတင်းဌာနများ၏ သတင်းထုတ်ပြန်ချက်များအရ  ကိုဗစ်ရောဂါပိုးဖြင့် သေဆုံး ခဲ့သူများအနက် (၈၀)ရာခိုင်နှုန်းသည် ကာကွယ်ဆေး လုံးဝမထိုးသေးသူများ(သို့) ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသူများဖြစ်သည်ကို   တွေ့ရှိရကြောင်း၊ ကာကွယ်ဆေးထိုးထားခြင်းသည် ရောဂါကိုထိရောက်စွာ ကာကွယ်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ကာကွယ် ဆေးထိုးရန် မဖြစ်မနေလိုအပ်ကြောင်း သိရသည်။

“ နိုင်ငံတော်မှ ကာကွယ်ဆေးတွေကို အခမဲ့ထိုးပေးနေတာဖြစ်ပါတယ်။ အဓိကက တခြားသူနဲ့ စာလို့ရှိရင် ကိုယ့်ကိုယ်ကို ကျန်းမာရေး အသိ/သတိနဲ့ ကာကွယ်ရတာဖြစ်ပါတယ်။ ကိုယ့်မှာ ကူးစက်ခံရပြီး ကိုယ့်မိသားစု ကာကွယ်ဆေး မထိုးထားဘူးဆိုရင် မလိုလားအပ်တဲ့ ပြင်းပြင်း ထန်ထန် ရောဂါခံစားရတာတို့ အသက်ဆုံးရှုံးတာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့် တစ်ဦး ချင်းစီ၊ တစ်ဦးချင်းစီက အသိစိတ်ဓာတ်အပြည့်နဲ့  ကာကွယ် ကြဖို့လိုပါတယ်” ဟု  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက် ပြောကြား သည်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် မြိတ်မြို့ပေါ်တွင် ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ဆေးထိုးစုရပ်နေရာများတွင် စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိပြီး ကျေးရွာများတွင်လည်း ဆေးထိုးအဖွဲ့ (၁၀)ဖွဲ့ဖြင့် ဆေးထိုးနေရာများတွင် ကျန်းမာရေးဌာန၊ ပရဟိတအဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့ များ ပူးပေါင်း၍ စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိကြောင်း၊ ရေလုပ်သားများမှ ဆေးမထိုးရသေးသူများကို လုပ်ငန်းနားချိန်တွင်  ဆေးထိုးနိုင်ရေးစီစဉ်ဆောင်ရွက် ထားရှိကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးမထိုးရသေးသည့်သူများကို စာရင်းကောက်ယူလျက်ရှိပြီး ဆေးမထိုးရသေး သူများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုများမှလည်း ကာကွယ်ဆေးကို ထိုးကြရန်လိုအပ်ပြီး မိမိကစပြီး မိမိ၏မိသားစု၊ မိမိ၏ ရပ်ကွက်/ကျေးရွာမှမြို့နယ်အထိ ကာကွယ်နိုင်ဖို့ အသိစိတ်ဓာတ်ရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မြိတ်မြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် လျာထားလူဦးရေသည် (၁၉၅၄၁၃)ဦးရှိပြီး မတ်လ(၉)ရက်နေ့အထိ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူဦးရေသည် (၁၆၃၁၆၉)ဦးရှိ၍ ကာကွယ်ဆေးနှစ်ကြိမ်လုံး ဆေးထိုးနှံပြီးသည့်ဦးရေမှာ (၁၅၁၃၉၇)ဦးရှိပြီဖြစ်ကာ ကာကွယ်ဆေးထိုးရန် လျာထားလူဦး ရေ၏ (၈၃)ရာခိုင်နှုန်းကို ထိုးနှံပေးပြီးဖြစ်ကြောင်း  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန် ရေးကော်မတီမှ သိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)