ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေအပေါ် လိုသလို အလွဲသုံး ဆောင်ရွက်မှုများရှိနေကြောင်း အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေအပေါ် လိုသလို အလွဲသုံး ဆောင်ရွက်မှုများရှိနေကြောင်း အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား




MNP ၊ မတ် ၉

အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ အမျိုးသား မြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့  အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာသီတာဦး၊‌ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦးနှင့် ဦးရွှေလေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ ပြီး  အမျိုးသား မြေအသုံး ချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မြေသယံဇာတ အရင်းအမြစ်များသည် မိမိတို့ လူသားများ၊ လူမှုအသိုင်းအဝိုင်းများ ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအကျဆုံး သဘာဝသယံဇာတ အရင်းအမြစ်ဖြစ်ကြောင်း၊ အခြားသယံဇာတ အရင်းအမြစ်များနှင့် မတူသည့်အချက်မှာ တိုးပွားအောင် လုပ်ဆောင်၍မရဘဲ အကန့်အသတ် နှင့်သာရှိသည့် သဘာဝ သယံဇာတ အရင်းအမြစ်များဖြစ်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအတွင်း မြေအသုံးချမှုစီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ အစိုးရက စီမံခန့်ခွဲသည့် မြေများအတွင်း အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များ၊ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ်ချက်များ၊ ကဏ္ဍအလိုက် ပြဋ္ဌာန်း ထားသည့် ဥပဒေများ ချိတ်ဆက်မှု၊ သဟဇာတ မဖြစ်မှုနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေအပေါ် လိုသလို အလွဲသုံး ဆောင်ရွက်မှုများ၊ မြေသယံဇာတ အချက်အလက်များနှင့် မြေပြင်၊ မြေပုံများ တိကျမှန်ကန်ရန် လိုအပ်မှုရှိနေခြင်းများ၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရာတွင် ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ခြင်းများ စသည့်အကန့်အသတ်နှင့် စိန်ခေါ်မှုများစွာ ရှိနေသည်ကို တွေ့ရကြောင်း။

ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မြေအရင်းအမြစ် မူဝါဒဆိုင်ရာအရေး ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် လက်တွေ့ကျသော အမျိုးသားမြေဥပဒေ ရေးဆွဲ ပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများ အားလုံး ပေါင်းစပ်ညှိနှိုင်းရေးဆွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ထို့ပြင် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ စနစ်တကျ ကောင်းမွန်သည့် မြေယာစီမံ ခန့်ခွဲမှုများ ဖြစ်ပေါ်လာ စေရေးအတွက် အမျိုးသားမြေအသုံးချမှုမူဝါဒကို မဖြစ်မနေလက်တွေ့ အကောင်အထည်ဖော်နိုင်ရန် ဦးစားပေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals - SDGs) (၁၇) ခုအနက် အများစုသည်မြေယာစီမံခန့်ခွဲမှုနှင့် ဆက်နွယ်နေပြီး ပန်းတိုင် ၁၅ သည် မြေ‌ပေါ်သက်ရှိလောက ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးတို့ ပါဝင်ခြင်းကြောင့် မြေစီမံခန့်ခွဲမှုနှင့် အဓိက သက်ဆိုင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့်အညီ ရေးဆွဲထားသည့် မြန်မာနိုင်ငံ ၏ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀ ခုနှစ်) ၏ မဟာဗျူဟာ ရည်မှန်းချက် ၅ ရပ်၊ အပိုဒ်ခွဲ ၅ တွင် သဘာဝအရင်းအမြစ်များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံး ရရှိခံစားရစေရေးအတွက် မြေယာစီမံခန့်ခွဲမှုနှင့် သယံဇာတ အခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သော စီမံခန့်ခွဲမှုတို့ကို တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ရန် ချမှတ်ထားပြီးဖြစ်ကြောင်း၊ အမျိုးသားမြေအသုံးချမှု ကောင်စီ အနေဖြင့် ချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အထောက်အကူပြုနိုင်ရန်အတွက် မြေများနှင့်ဆက်စပ်သည့် ကဏ္ဍအားလုံးတွင် ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း။

နှစ်တို/ နှစ်ရှည် စိုက်ပျိုးမြေများ၊ စက်ရုံအစုအဖွဲ့များ၊ စက်မှုဇုန်များ၊ မြို့ရွာကွက်သစ်များ၊ လယ်ယာမြေနှင့် စိုက်ပျိုးမြေနေရာ အသစ်များ၊ သောက်သုံးရေ ဖူလုံရေးအတွက် ရေဝေရေလဲ နှင့် ရေထိန်းတောများစသည်ဖြင့် မြေအသုံးချမှုအမျိုးမျိုးကို ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအစီအစဉ်များနှင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်၏ သယံဇာတ အရင်းအမြစ်များကို အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျအသုံးချကြရမည် ဖြစ်ကြောင်း။

အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကောင်းမွန်သော မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု စနစ်ဖြစ်ပေါ်လာစေရန် အမျိုးသား မြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန် (၁၀) ရပ်အပေါ် ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများနှင့် နည်းပညာအကြံပေးအဖွဲ့၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပြည်နယ်/တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီများအနေဖြင့် ဦးစားပေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် သွားရန် တိုက်တွန်းပါကြောင်း။

ထိုသို့ ပေါင်းစပ်ဆောင်ရွက်သည့်အခါတွင် အမျိုးသားမြေအသုံးချမှု မူဝါဒ၏ ပင်မလမ်းညွှန် မူဘောင်အပေါ် အခြေခံပြီး အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်စေရေး၊ အမျိုးသားမြေအသုံးချမှု စီမံကိန်းများနှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲသတ်မှတ်ရေးနှင့် မြေသတင်းအချက် အလက် စီမံခန့်ခွဲသည့် စနစ်တည်ထောင်ရေး စသည့် ဦးစားပေးလုပ်ငန်းစဉ်များကို လက်တွေ့ အကောင် အထည်ဖော်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများနှင့် နည်းပညာအကြံပေးအဖွဲ့၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပြည်နယ်/တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီများ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ မြန်မာနိုင်ငံ အမျိုးသား မြေပုံစနစ် (OneMap Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမင်းမင်းဉီး၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် ရေးဆွဲရေးနှင့် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရ မည့် ကိစ္စရပ်များ၊ စိုက်ပျိုးမြေများကို အခြား နည်းလမ်းဖြင့် အသုံးမပြုရေး၊ အမျိုးသား မြေဥပဒေတစ်ရပ် ပေါ်ပေါက်ရေး၊ အမျိုးသား မြေအသုံးချမှု မူဝါဒ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် Institutions များ ဖွဲ့စည်းရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် မြေကိုအကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေး၊ ကိစ္စရပ်များ အပြင် ဝန်ကြီးဌာနအလိုက် မြေအသုံးချမှုနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေစီမံခန့်ခွဲ ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ပြန်လည်သုံးသပ် ဆွေးနွေးသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)