(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်





MNP - မတ်    ၂၆

ဘားအံမြို့နယ် ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါလမ်းပေါ်ရှိ ကော့မူးတာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုလမ်းကိုဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ခရီးသွားပြည်သူများ၊ နိုင်ငံခြားခရီး သွားဧည့်သည်များအနေဖြင့် ဇာသပြင်အဖြောင့်လမ်းမှ သမိုင်းဝင်မဟာ ဆဒ္ဒန်ဂူတော်၊ ဇွဲကပင်တောင်တော်နှင့်ဇွဲကပင်ဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ အချိန်တိုတိုနှင့်သွားရောက် လည်ပတ်ဖူးမြော်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်ချင်းဆက်လမ်း များဖြစ်သည့် ဇာသပြင်အဖြောင့်လမ်း၊ အိန္ဒု-ဇာသပြင်လမ်း၊ မြဝတီ-ဘားအံအာရှလမ်းမကြီးတို့နှင့် ချိတ်ဆက်ထားခြင်းကြောင့် ကျေးလက် ထုတ်ကုန်များကို ဈေးကွက်သို့လျှင်မြန်စွာတင်ပို့ရောင်းချနိုင်သည့်အပြင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူ ချောမွေ့မြန်ဆန်ပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လမ်းများရေရှည်တည်တံ့ ကောင်းမွန် စေရေးအတွက် ကျေးလက်နေပြည်သူများက ဌာနဆိုင်ရာများနှင့် အတူပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများအား ပေးအပ်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကော့မူးတာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွက် အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီး ထံ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူး၍ လမ်းအားကြည့်ရှုစစ်ဆေးကာ ယဉ်ကျေးမှုအဖွဲ့ များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ယနေ့ဖွင့်လှစ်သည့် ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်း ကွန်ကရစ်လမ်းသစ်ကို ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၅၇ ဒသမ ၄၀ သန်းဖြင့် အကျယ် ၁၄ ပေရှိ ကွန်ကရစ်လမ်း တစ်မိုင်လေးဖာလုံအား Perfect Mother ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းလမ်းအရှည် ၃ မိုင် ၄ ဖာလုံအား ၁၀၀ ရာခိုင်နှုန်း ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)