ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ‌ဒေါက်တာ အောင်ကျော်မင်း လက်ရက်ကန်း အဆင့်မြှင့်နည်းပညာ သင်တန်းဆင်းပွဲနှင့် လက်ရက်ကန်းစင် ထောက်ပံ့ပေးအပ်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ‌ဒေါက်တာ အောင်ကျော်မင်း လက်ရက်ကန်း အဆင့်မြှင့်နည်းပညာ သင်တန်းဆင်းပွဲနှင့် လက်ရက်ကန်းစင် ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်





MNP - မတ်    ၃၁

ရခိုင်ပြည်နယ်၊ အသေးစားစက်မှုလက်မှု ဦးစီးဌာနမှဖွင့်လှစ်သော လက်ရက်ကန်း အဆင့်မြှင့် နည်းပညာသင်တန်းဆင်းပွဲနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် လက်ရက်ကန်းစင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်သည်။

သင်တန္းဆင်းပွဲနှင့် လက်ရက်ကန်းစင်များ ထောက်ပံ့ပေးအပ်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက သင်တန်းတွင် တက်ရောက်ခဲ့ကြသော သင်တန်းသူများသည် ရက်ကန်းလုပ်ငန်း၏ အခြေခံသဘော သဘာဝများကို သိရှိနားလည်းပြီး ရက်ကန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြသူများ၊ အသက်မွေးဝမ်းကြောင်း ပြုလိုသူများကို သင်ကြားပေးသွားခြင်းဖြစ်ကြောင်း၊ မိရိုးဖလာ ရက်ကန်း လုပ်ငန်းများအား စနစ်ကျသော လေးတိုင်စင် ရက်ကန်းစင်များဖြင့် ရက်လုပ်သည့် ရက်ကန်း လုပ်ငန်းများအဖြစ် ပြောင်းလဲလာစေရန်၊ ဈေးကွက်ဝင် အရည်အသွေးမြင့် ရက်ကန်းထည်များ ထွက်လာစေရန်၊ ရခိုင်ရိုးရာအထည်များ တစ်ခေတ်ပြန်လည် ဆန်းသစ်လာစေရန်၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ကိုင် စားသောက်နိုင်စေရန်နှင့် အသေးစားလက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး တစ်ဦးချင်း ဝင်ငွေရရှိလာသည့်အတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ကိုယ်ပိုင် ရက်ကန်းစင်မရှိသည့် လုပ်ငန်းထူထောင်လိုသူ သင်တန်းသူ(၆၀)ဦးကို အဆင့်မြှင့် နည်းပညာများ သင်ကြားပေးပြီး သင်တန်းပြီးမြောက်ပါက တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လက်ရက်ကန်းစင် တစ်စင်စီကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကရရှိသော အတတ်ပညာများ၊ ဗဟုသုတများကို အသုံးချ၍ ဌာနမှပေးအပ်သော လက်ရက်ကန်းစင်ဖြင့် မိမိတို့လုပ်ငန်းခွင်တွင် ပိုမိုကောင်းမွန်ပြီး အရည်အသွေး ပြည့်မီသော ထုတ်ကုန်များကို ရက်လုပ်နိုင်အောင် ကြိုပမ်းဆောင်ရွက်ကြပါ၊ မိရိုးဖလာ ရက်ကန်းပညာကို တန်ဖိုးထားပြီး နည်းပညာများဖြင့် အဆင့်မြှင့်ကာ အရည်အသွေး ကောင်းမွန်သော လက်ရက်ကန်းထည်များ ရက်ခတ်ခြင်းဖြင့် ဒီဇိုင်းလှပသော ရခိုင်ရိုးရာအထည်များ ပေါ်ထွက်လာစေပြီး အလုပ်အကိုအခွင့်အလမ်းများ ရရှိကြကာ ဒေသတွင်း လူမှုစီးပွားဘဝကို မြှင့်တင်နိုင်ကြသော လုပ်ငန်းရှင်များ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရက်ကန်းစင်တစ်စင်လျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် သင်တန်းသူ ၆၀ ဦးအတွက် ရက်ကန်းစင် ၆၀ ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်နှင့် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းတို့က သင်တန်းသူများကို ပေးအပ်သည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြကာ သင်တန်းသူများ ရက်လုပ်ထားသော အဝတ်အထည်များအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်း - တင်ထွန်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)