MNP - မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယမန်နေ့ ညနေ(၅)နာရီအချိန်ခန့်၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ချောင်းဗြဲကြီးကျေးရွာအုပ်စုမှ လူနေအိမ် (၂)လုံးနှင့် အေရာကျေးရွာအုပ်စုမှ လူနေအိမ်(၄)လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
ပျက်စီးဆုံးရှုံးမှုများမှာ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဇီးဖြူကျေးရွာမှ ဓနိမိုး၊ ဓနိကာ၊ ဝါးခြမ်း ခင်း၊ သစ်တိုင်အိမ်(၂)လုံးနှင့် အေရာကျေးရွာအုပ်စု၊ အေရာကျေးရွာမှ ဓနိမိုး၊ ဓနိကာ၊ ဝါးခြမ်း ခင်း၊ သစ်တိုင်အိမ် (၁)လုံး၊ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း၊ သစ်တိုင်အိမ်(၃)လုံး စုစုပေါင်း(၆)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါအိမ်များမှ မိသားစုဝင်များသည် ယခုအချိန်၌ ၎င်းတို့ကျေးရွာရှိ မုန်တိုင်းဒဏ်ခံ ရှယ်တာများတွင် နေထိုင်လျက်ရှိသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း၊ ၎င်းတို့ နေအိမ်များ အမြန်ပြန်လည် တည်ဆောက်နိုင်ရေး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလည်း ဘေးသင့်မိသားစုဝင်များအား ကူညီထောက်ပံ့နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မိုးစက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment