ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သစ်လွင်သားဖွား ခန့်အပ်တာဝန် ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သစ်လွင်သားဖွား ခန့်အပ်တာဝန် ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်



MNP - မတ်    ၂၄

ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သားဖွား ခန့်အပ်တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ပြီး ၎င်းတို့အတွက် မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ရှေ့တန်းမှအနီးကပ်တာဝန်ယူဆောင်ရွက် ကြမည့် သစ်လွင်သားဖွား များအား ခန့်အပ်တာဝန်ပေး အပ်သည့် အခမ်းအနားဖြစ်ကြောင်း၊  ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် အရည် အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ လုံလောက်စွာ မွေးထုတ်နိုင်ရန်ဖြစ်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ဆရာဝန်များ၊ သူနာပြုဆရာ/ဆရာမများ၊ အမျိုးသမီးကျန်းမာရေး ဆရာမများ၊ သားဖွားဆရာမများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များကို နိုင်ငံတော်၏ လိုအပ်ချက်နှင့် အညီ နှစ်စဉ်လေ့ကျင့် မွေးထုတ်လျက်ရှိရာ လက်ရှိကမ္ဘာ့ကပ်ရောဂါအခြေ အနေကြောင့် လေ့ကျင့်မွေးထုတ်မှု နှောင့်နှေး စေခဲ့သော်လည်း ဝန်ကြီးဌာနအောက်ရှိ သူနာပြုတက္ကသိုလ်(၂)ခု၊ သူနာပြုသင်တန်းကျောင်း (၂၇)ကျောင်း၊ သားဖွား သင်တန်းကျောင်း(၂၃)ကျောင်း၊ နှီးနွယ်သင် တန်းကျောင်း (၃)ကျောင်း၊ စုစုပေါင်း(၅၃) ကျောင်းတို့မှ ယနေ့အထိ သူနာပြု/သားဖွား  စုစုပေါင်း(၄၁,၄၄၂)ဦး မွေးထုတ်ခဲ့ပါကြောင်း၊ မတ် (၁) ရက်တွင် သစ်လွင် သူနာပြု (၆၈၄)ဦးကို ခန့်အပ်ပေးခဲ့ပါကြောင်း၊ ယခု သားဖွား သင်တန်းကျောင်း (၅)ကျောင်းမှ သားဖွားသင်တန်း တက်ရောက်‌ အောင်မြင်သူ (၁၆၅) ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနအောက်ရှိ ကျေးလက်ကျန်းမာရေး ဌာန/ဌာန ခွဲများတွင် သစ်လွင် သားဖွား (၁၄၈)ဦး ခန့်ထားပေးမည် ဖြစ်ပါကြောင်း။

သင်တန်းဆင်းသစ်လွင် သားဖွားများအနေဖြင့် လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် အရည်အသွေး ပြည့်ဝပြီး ကျင့်ဝတ်နှင့်ညီသော သားဖွားဆရာမများအဖြစ် မိမိတို့သင်တန်း တက်စဉ်တလျှောက်လုံး နေ့စဉ်ရွတ်ဆိုခဲ့သော သူနာပြုသားဖွား သစ္စာအဓိဌာန်နှင့်အညီ လိုက်နာရမည့်ကျင့်ဝတ်များကို စောင့်ထိန်းပြီး ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေး အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအသက်ကို ပဓါနမထားဘဲ ကိုယ်ကျိုး စွန့်ပြီး မီးလောင်နေသောလူနာကို ကာကွယ်ပြုစု စောင့်ရှောက် ပေးခဲ့သောကြောင့် ဖလောရင့်စ်နိုက်တင်ဂေးလ် ဆုချီးမြှင့်ခံရသည့် မြန်မာနိုင်ငံမှ သားဖွားဆရာမ ဒေါ်သိန်းရီလို စိတ်ဓါတ်မျိုးကို မွေးမြူနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် တာဝန်ထမ်းဆောင်နေသော သားဖွားဆရာမများကို ဝတ်စုံစရိတ်၊ စားစရိတ်များနှင့် ညတာဝန်ကျ စရိတ်များတိုးမြှင့်ပေးခဲ့ပြီး ဝန်ထမ်းအိမ်ယာတွဲဖက်ပါရှိသည့် စံကိုက်ကျေးလက် ကျန်းမာရေး ဌာနများနှင့် ဌာနခွဲများကို နှစ်စဉ်တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေး ဝန်ကြီးဌာန၏ ဝန်ထမ်းများ စိတ်ချမ်းသာစွာ တာဝန်ထမ်း ဆောင်နိုင်ရန် ဝန်ထမ်းအိမ်ရာများ နိုင်ငံတော်အစိုးရမှ ထပ်မံဖြည့်ဆည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအောက်တွင် မိခင်ကလေး ကျန်းမာရေး ဌာန(၃၄၈)ခု၊ ဒေသန္တရကျန်းမာရေးဌာန(၉၈)ခု၊ ကျေးလက်ကျန်းမာရေး ဌာန(၁၉၀၄)ခု နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၉၀၇၇)ခုတို့တွင် ယခု သင်တန်း ဆင်းအောင်မြင်သူ (၁၄၈)ဦးနှင့်  စုစုပေါင်း (၁၃,၃၇၂) ဦးတို့ဖြင့် ပြည်သူလူထု၏ ကျန်းမာ ရေး‌စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သစ်လွင်သားဖွားများကို ခန့်အပ်လွှာပေး အပ်ပြီး သစ်လွင် သားဖွားတစ်ဦးဖြစ်သည့် မလင်းလက်အောင် က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သစ်လွင် သားဖွားများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)