တပ်မတော်သားများနှင့် ပြည်သူ ဆက်ဆံရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်သားများနှင့် ပြည်သူ ဆက်ဆံရေး


ယခင် အစိုးရလက်ထက်မှာ စစ်ဖက် အရပ်ဖက် ဆက်ဆံရေးဆိုတဲ့ စကားကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပါတယ်။ အာဏာရအဖွဲ့အစည်းက စစ်ဖက်အရပ်ဘက် ဆက်ဆံရေးကို အလေးမထားဘဲ ရွေးကောက်ခံအစိုးရဆိုတဲ့ မာနနဲ့ တပ်မတော်အပေါ် ပျက်ရယ်ပြု စော်ကားပြောဆိုမှုတွေ လုပ်ခဲ့ကြတာတွေလည်း ရှိပါတယ်။ စစ်ဖက် အရပ်ဖက် ဆက်ဆံရေးဟာ အဆင်မပြေခဲ့သလို ငြိမ်းချမ်းရေးအတွက်လည်း အောင်မြင်မှု မရခဲ့တဲ့ အစိုးရသက်တမ်းတစ်ရပ်ကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီဆောင်းပါးကတော့ တပ်မတော်သားများနှင့် ပြည်သူများ ဆက်ဆံရေးအတွက် အကြံပြုဆွေးနွေးတဲ့သဘောကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ခံအစိုးရဆိုတဲ့ မာနနဲ့ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုသူတွေဟာ တစ်ဖက်မှာတော့ အနောက်နိုင်ငံများရဲ့ သြဇာခံအစိုးရသဖွယ် ဖြစ်နေခဲ့ပါတယ်။ အနောက်အုပ်စုက ပုဂ္ဂိုလ်တွေကို အစိုးရအဖွဲ့အတွက် အကြံပေးအဖြစ် ခေါ်ယူထားတာတွေတောင် ရှိခဲ့ပါတယ်။ တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူများ ကောင်းကျိုးအတွက် ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို မတွေးတတ်တဲ့ နိုင်ငံရေးအတ္တဘောတွေဟာ အနောက်နိုင်ငံသားတွေရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရင်းက မလုပ်သင့် မလုပ်အပ်တဲ့ ကမ္ဘာကျော် မဲလိမ် မဲခိုးမှုကြီးကို ကျူးလွန်မိပြီး အာဏာလက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ အာဏာလက်မဲ့ ဖြစ်သွားပြန်တော့လည်း အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်းပြီး အနောက်အုပ်စုရဲ့ ကူညီပံ့ပိုးမှုနဲ့ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းနေတဲ့ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။

၇၇နှစ်မြောက် တပ်မတော်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က " ပြည်ပ ကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမား အင်အားစုတွေဟာ ဒို့တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့ ပြည်တွင်း၊ ပြည်ပမှ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက် ကျစ်လျစ် ခိုင်မာတဲ့ တပ်တွင်း စည်းလုံးညီညွတ်ရေး အမြဲရှိနေဖို့ လိုအပ် မှာဖြစ်တယ်။" လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ တပ်မတော်က တာဝန်ယူပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ကာလမှာ ပါတီစွဲသန်တဲ့ အစိုးရဝန်ထမ်း အရာရှိကြီးတွေအနေနဲ့ အကြမ်းဖက်လှုပ်ရှားသူတွေနဲ့ ပတ်သက်မှုရှိနေတဲ့ အခြေအနေကိုလည်း ၁၂ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဖရဲသီးပြဿနာ" ကို တိတိကျကျ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

အခြေအနေအရပ်ရပ်ကို တွက်ဆကြည့်လိုက်ရင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်တဲ့ နေရာမှာ ဦးဆောင်သူများက NLD ပါတီက ဖြစ်ပြီး သူတို့ကို ပံ့ပိုးပေးနေသူတွေကတော့ အနောက်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကိုယ်တိုင်က အားပေးအားမြောက် လုပ်နေတာတွေကို နိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင် သိရှိပြီးဖြစ်တယ်ဆိုတာ သူတို့ရဲ့ ပြောစကားတွေက ထင်ရှားနေပါတယ်။ ဒီလိုအခြေအနေမျိုး စိုက်ရောက်နေတာတောင် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ NLD ပါတီကို မဖျက်သိမ်းဘူး၊ အကြမ်းဖက်အားပေး ဖရဲသီးလုပ်နေတဲ့သူတွေကို ကိုင်တွယ်ပုံပျော့ညံ့တာတွေဟာ ဘာဗျူဟာလဲတော့ မသိပါဘူး။ နစက ရဲ့ သည်းခံခွင့်လွှတ်နိုင်စွမ်းက ဝေဿန္တရာထက်တောင် သာလွန်နေတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။

အားနည်းချက်တွေကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ သူ့လူကိုယ့်ဘက်သား ဖြစ်အောင် လုပ်တဲ့ လမ်းစဉ်ဟာ မအောင်မြင်ဘဲ အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပေါ်အောင် တွန်းပို့သလိုဖြစ်စေခဲ့ပါတယ်။ NLD ပါတီအစွဲသန်သူတချို့ဟာ ရာထူးအာဏာမပျောက်အောင်နေပြီး အစိုးရရဲ့ အတွင်းစည်းထဲကနေ အကြမ်းဖက်မှုတွေ ပိုမိုလှုပ်ရှားနိုင်အောင် ကူညီပေးနေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရလာဒ်ကတော့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများစွာ သေဆုံးခဲ့ရပါတယ်။ ယနေ့တိုင်အောင်လည်း ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးက စလို့ နီပိန်း အုပ်ချုပ်ရေးမှူးတွေက ငွေကြေးလာဘ်လာဘပေးပြီး ကပ်တွယ်နေကြသူတွေ ရှိပါတယ်။

အဲဒီလို နီပိန်း အုပ်ချုပ်ရေးမှူးတွေ ရှိနေတဲ့ နေရာတွေမှာ ဗုန်းကွဲလို့လည်း တရားခံမမိပါဘူး။ လူသတ်သွားလို့လည်း တရားခံမမိပါဘူး။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၂၃၀၀ ကျော်ကို သတ်ခဲ့တဲ့ တရားခံတွေ မိပြီလားလို့ မေးရင် မမိတာတွေ များပြားနေရခြင်းဟာ ဖရဲသီးပြဿနာပါပဲ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပေါ်လစီက ညှာတာထောက်ထားခြင်းဖြစ်ပါတယ်။ တဖက်က NLD အကြမ်းဖက် အုပ်စုရဲ့ လမ်းစဉ်ကတော့ ညှာတာထောက်ထားမှု မရှိတဲ့ အကြမ်းဖက်လမ်းစဉ်ဖြစ်ပါတယ်။ ဒီလို အစွန်းနှစ်ဖက် လမ်းစဉ်ကြောင့် ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ရဟန်းရှင်ပြည်သူတွေဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်ပြီး အသက်တွေ၊ ဘဝတွေ စတေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

အဓိက ပြောလိုတဲ့အကြောင်းအရာကတော့ အကြမ်းဖက်မှုတွေ ထူပြောနေတဲ့ကာလမှာ နယ်မြေဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြရတဲ့အရာရှိတွေ၊ တပ်မတော်သားတွေ ပင်ပန်းဆင်းရဲကြပါတယ်။ NLD အကြမ်းဖက်အုပ်စုဟာ ပြည်သူကို အသုံးချပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ခွဲခြားရအလွန်ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။

တချို့သော တပ်မတော်အရာရှိတွေက အနီအစိမ်း မခွဲခြားဘူးလို့ ပြောပြီး မိမိရောက်ရှိ တာဝန်ထမ်းဆောင်နေရာ ဒေသက အနီတွေန့ ပေါင်းသင်းဆက်ဆံတယ်။ ဒါက ရန်သူကို မိတ်ဆွေလုပ်တဲ့ နည်းလို့ ဆိုပေမယ့် အောက်တန်းစားစိတ်ဓာတ်ရှိတဲ့ အနီတွေနဲ့ ပေါင်းမိတဲ့အခါမှာ မိမိတို့ ထောက်ခံအားပေးနေတဲ့ ပြည်သူတွေကို ပြန်ပြီး နှိပ်စက်ကလူပြု စော်ကားတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်လာပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဒုဝန်ကြီးက ပြောခဲ့တဲ့ စကားရှိပါတယ်။ မိမိတို့ အစိုးရဟာ နိုင်ငံရေးအစိုးရမဟုတ်ဘူး။ ဥပဒေစိုးမိုးရေးအစိုးရလို့ ပြောဆိုသွားခဲ့ပါတယ်။ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ကာလမှာ တပ်မတော်အရာရှိအသီးသီးက မိမိတို့အစိုးရရဲ့ မူဝါဒတွေကို သိရှိပြီး ငါတို့ မိမိတို့ရဲ့ လုပ်ငန်းစဉ်တိုင်းကို ဥပဒေကို မျက်ကွယ်ပြုပြီး လုံးဝမလုပ်သင့်ပါဘူး။ ပြည်သူတစ်ဦးတစ်ယောက်အပေါ်ကို အလွန်အကျူး ပြုလုပ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရမယ့် တာဝန်ကို ထမ်းဆောင်နေကြသူတွေဖြစ်လို့ စာရေးသူအနေနဲ့ သတိပေးအကြံပြုခြင်း ဖြစ်ပါတယ်။

အနီအစိမ်း မခွဲခြားဘူး။ မိမိတို့ကို ထောက်ခံတဲ့သူကိုလည်း မျက်နှာသာ မပေးဘူး။ ဆန့်ကျင်နေတဲ့သူတွေကိုလည်း သောက်ဂရုမစိုက်ဘူးဆိုရင် လုပ်ငန်းစဉ်တိုင်းကို ဥပဒေစံအတိုင်း ဆောင်ရွက်သွားကြဖို့ အရေးကြီးပါတယ်။ တကယ်တန်းတော့ အနီအစိမ်း မခွဲခြားဘူးဆိုတဲ့ သူတွေ အဂတိမကင်းတဲ့ လုပ်ရပ်တွေ ဖြစ်ပေါ်နေတာကိုလည်း ပြည်သူတွေက သိလာကြပါတယ်။ သတိပြု ဆင်ခြင်ရမယ့် ကိစ္စတွေ အများကြီး ရှိလာပါတယ်။

နယ်မြေဒေသလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေ ဆိုရင်လည်း ပင်ပန်းကြပါတယ်။ အနီ အစိမ်း မခွဲခြား ပြည်သူအပေါ်တသားတည်း ထားတယ်ဆိုရင်တော့ ဥပဒေစိုးမိုးရေးကို ငါတို့ လုပ်နေတာပါလားဆိုတဲ့ အသိကို ခေါင်းထဲထည့်ပြီး ဥပဒေမဲ့ အများပြည်သူကို ထိခိုက်နစ်နာအောင် လုပ်လာမယ့် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာစရာအကြောင်းရှိတဲ့ ကိစ္စရပ်တိုင်းကို ပြတ်ပြတ်သားသား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း တပ်မတော်က ဦးဆောင်ပြီး ဥပဒေစိုးမိုးရေးကို ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်ကြီးဟာ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။

တပ်မတော်က တိုင်းပြည်တာဝန်ကို ဦးဆောင်နေတဲ့ ကာလ ငါတို့မှာ ရှိနေတဲ့ ရာထူးအာဏာနဲ့ ငါတို့အကျိုးစီးပွားအတွက် အရယူမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဥပဒေမဲ့ ကိုယ်ကျိုးရှာမှုတွေ အလွန်အမင်း ဆောင်ရွက်နေကြမယ်ဆိုရင်တော့ တပ်မတော်အပေါ်ကိုပဲ ပြည်သူတွေက ပြစ်တင်ပြောဆိုနေကြအုံးမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲများအနေနဲ့လည်း ဥပဒေမဲ့ ကိုယ်ကျိုးရှာမှုတွေကို ငါ့တပည့်သားမြေးဖြစ်လို့ မျက်ကွယ်ပြုထားတာမျိုး မလုပ်ဘဲ ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူခြင်းဟာ ဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရာမှာ အဓိက ကျလာပါတယ်။

လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူတွေက ပြည်သူတွေကို တရားခံကြည့် ကြည့်တယ်။ ပြည်သူတိုင်းက အကြမ်းဖက်သမားမဟုတ်လေတော့ တရားခံကြည့် ကြည့်ပြီး မယုံသင်္ကာဖြစ်တာမျိုးကို မခံနိုင်ကြဘူး။ ဒါကလည်း ပြဿနာတစ်ခု ဖြစ်တယ်။ အကြမ်းဖက်သမားဆိုတာကလည်း ဂျိုပါတာ မဟုတ်ပြန်ဘူး။ သို့ပေသော် အကြမ်းဖက်သမားနဲ့ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူကို တာဝန်ရှိသူများအနေနဲ့ စနစ်တကျ ပိုင်းခြားနိုင်ဖို့ လိုအပ်ပါတယ်။ အများပြည်သူလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေအပေါ် အများပြည်သူက ကြည်ဖြူစွာ အစစ်ဆေးခံနိုင်ရန် ပြောဆိုဆက်ဆံသင့်ပါတယ်။ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေက ဒီလုပ်ငန်းစဉ်တွေအပေါ် ဘာမှ စိုးရိမ်ကြောင့်ကျ မရှိပါဘူး။ အများပြည်သူတို့ရဲ့ နေ့စဉ်လူမှုစီးပွားဘဝများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသူတွေကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် လိုလားကြမှာ မဟုတ်ပါဘူး။

NLD ကျဆုံးရခြင်း အကြောင်းဟာ ကိုယ့်လူကိုယ်မနိုင်၊ ထင်ရာစိုင်း ကိုယ်ကျိုးရှာ လုပ်ရပ်တွေကြောင့် ဖြစ်တယ်ဆိုတာကို သင်ခန်းစာ ယူပြီး တိုင်းပြည်အတွက် အဖိုးဖြတ်လို့ မရတဲ့ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီးကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေလို မဖြစ်စေဖို့ အထူးသတိပြုသင့်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ တပ်မတော်ဆိုတာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းဖြစ်တည်နေတဲ့ အဖွဲ့အစည်းကြီးပါ။ တပ်မတော်သား ဆိုတာကလည်း မိမိတို့ ပြည်သူထဲကနေမှ တိုင်းပြည်ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်လိုသူတွေက ဝင်ရောက် အမှုထမ်းနေကြခြင်းဖြစ်ပါတယ်။ တပ်မတော်ဆိုတာ သီးခြားဖြစ်တည်နေတဲ့ အဖွဲ့အစည်းမဟုတ်ဘဲ ပြည်သူတွေ ပူးပေါင်းတာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ပြည်သူများသည် တပ်မတော်သားဖြစ်နိုင်သလို တပ်မတော်သား တစ်ဦးချင်းစီသည်လည်း တိုင်းရင်းသားပြည်သူများထဲက ပြည်သူပဲ ဖြစ်ပါတယ်။ တပ်မတော်သားနဲ့ ပြည်သူ ထိတွေ့ ဆက်ဆံရာမှာ တပ်မတော်သားများအပိုင်းက ဥပဒေစိုးမိုးရေးကို အလေးထားပြီး ပြေပြစ်တဲ့ ဆက်ဆံရေး၊ ဥပဒေမဲ့ လုပ်ရပ်များကို ဆင်ခြင်နိုင်သမျှ ဆင်ခြင်ရမှာဖြစ်သလို တပ်မတော်သားများ အပေါ်မှာလည်း ပြည်သူတွေက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ထမ်းဆောင်နေကြရသူတွေပါလားလို့ နားလည်ကြဖို့ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ တပ်မတော်သားများအပိုင်းက မလုပ်ချင်ဘဲ လုပ်နေရသည်ဖြစ်စေ၊ လုပ်ချင်လို့ လုပ်နေရသည်ဖြစ်စေ မိမိတို့ကျရာဒေသမှာ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေကြရတာ ဖြစ်လို့ မိမိတို့ရဲ့ လုပ်ရပ်မှားများသည် မိမိတို့ အဖွဲ့အစည်းကြီးအပေါ် ပြစ်တင်ဝေဖန် ပြောဆိုချင်စရာ မဖြစ်အောင် အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအစိုးရမဟုတ်သော်လည်း ဥပဒေစိုးမိုးရေးကို စံပြ လုပ်ဆောင်သူတွေ ပါလားဆိုတဲ့ သမိုင်းမှတ်ကျောက်တင်အောင် တပ်မတော်အရာရှိများ၊ တပ်မတော်သားများ အားလုံးက အထူးသတိပြု ဆောင်ရွက်ကြစေလိုပါကြောင်း ...


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)