MNP - မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြောင်းမြခရိုင်၊ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ကျန်းမာရေးမှး ဒေါက်တာစိုးသက်က ကျောင်းကျန်းမာရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ အသိပညာပေးခြင်း၊ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အရှိန်အဟုန်မြှင့်တင် အားထည့်၍ ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောင်းကျန်းမာရေးမှူး ဒေါ်နွယ်နွယ်အောင်က ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များ၊ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရန် အချက်များ၊ ဆရာ၊ ဆရာမများမှ ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိရမည့် အချက်များကို အဆင့်ဆင့်ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်ဥမ္မာနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ အသီးသီးတို့ကလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေး အရှိန်အဟုန်မြှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာ ကျောင်းများက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ခင်ရူပါအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment