MNP - မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်း ကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီက သွားရောက်၍ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်ဝေထိုက်နှင့် တပ်ဖွဲ့ဝင်များက စာစစ်ဌာနများ၌ စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ အသင့်ထားရှိမှု ဆောင်ရွက်ချက် အခြေအနေများနှင့် မီးကြိုးများ သွယ်တန်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အေးချမ်းပျော်ရွှင်စွာနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၂)နှင့် အ.ထ.က(၅)ကျောင်း စာစစ်ဌာန (၂)ခုတို့အား ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးထံက သိရသည်။
သတင်း - ဝင်းအိမွန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment