ဆော်ဒီရေနံသိုလှောင်ကန်တိုက်ခိုက်ခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆော်ဒီရေနံသိုလှောင်ကန်တိုက်ခိုက်ခံရ



ပေကျင်း၊ မတ် ၂၇ 

ဆော်ဒီအာရေဗျဦးဆောင်သည့် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က မတ် ၂၅ ရက်ညပိုင်းမှ ၂၆ ရက် နံနက်အထိ ယီမင် ဟူသီလက်နက်ကိုင်များ၏ ယီမင်မြို့တော် ဆာနာနှင့် အနောက်ပိုင်းဆိပ်ကမ်းမြို့ ဟူဒေးဒါရ်ရှိ ပစ်မှတ်အများအပြားကို လေကြောင်းတိုက်ခိုက်ခဲ့သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။

ဆော်ဒီအာရေးဗျနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမြို့ ဂျတ်ဒါး(Jeddah) မြောက်ဘက်ရှိ ရေနံသိုလှောင်ကန်သည် မတ် ၂၅ ရက်အစောပိုင်းတွင် တိုက်ခိုက်ခံရပြီး ယင်းမှာ ဟူသီလက်နက်ကိုင်တို့၏ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုဖြစ်ကြောင်း ဆော်ဒီအာရေဗျက ထုတ်ဖော်ခဲ့သည်။ ထို့နောက် ဟူသီလက်နက်ကိုင်တို့က ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း Al-Masirah ရုပ်သံမှတစ်ဆင့် ဖော်ပြခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဂျတ်ဒါးမြောက်ဘက်ရှိ ရေနံသိုလှောင်ကန်နှစ်ခု မီးလောင်ပျက်စီးသွားကြောင်းနှင့် လက်ရှိတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။ ယခုအကြိမ်တိုက်ခိုက်မှုသည် အဆိုပါသိုလှောင်ကန်အား တစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။ ယင်းသိုလှောင်ကန်တွင် ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်သုံးဆီများ သိုလှောင်ထားပြီး ‌ဆော်ဒီအာရေဗျ စုစုပေါင်း ရေနံထောက်ပံ့မှု၏ ၂၅ ရာခိုင်နှုန်းကျော်ရှိကြောင်း နိုင်ငံပေါင်းစုံ ညွန့်ပေါင်းတပ် ပြောရေးဆိုခွင့်ရှိသူ Turki Al-Maliki က ပြောကြားခဲ့သည်။

နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်မှ ပစ်မှတ်ထားတိုက်ခိုက်သည့်နေရာများသည် ဆော်ဒီအာရေဗျလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဖြစ်စေသော နေရာများဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ဟူသီထိန်းချုပ်မှုအောက်ရှိ ဟူဒေးဒါရ်အရပ်သား ရေနံအဆောက်အအုံမှ ပစ်လွှတ်ခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော ဒရုန်းနှစ်စင်းကိုလည်း ကြားဖြတ်ဖျက်ဆီးခဲ့ကြောင်း Turki Al-Maliki က ပြောကြားခဲ့သည်။

နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆာနာဓာတ်အားပေးစက်ရုံ၊ လောင်စာဆီထောက်ပံ့ရေးစခန်းနှင့် ယီမင်လူမှုဖူလုံရေးရုံးတို့ကို ထိမှန်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်က ပြောကြားခဲ့သည်။ ၎င်းတို့အနက် လူမှုဖူလုံရေးရုံး အစောင့်များ၏ နေအိမ်ထိမှန်ခဲ့ရာလူ ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အခြားအရင်းအမြစ်မှ အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ဟူဒေးဒါရ်ရှိ ရေနံအဆောက်အအုံကို တိုက်ခိုက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း ဟူသီလက်နက်ကိုင်များက ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်များ၏ပြောကြားချက်ကိုTurki Al-Maliki ကတုံ့ပြန်ခြင်းမရှိကြောင်းသိရသည်။

၂၀၁၄ ခုနှစ်တွင် ယီမင် ဟူတီလက်နက်ကိုင်များသည် မြို့တော် ဆန်နာကို သိမ်းယူခဲ့ပြီး ယီမင်တောင်ပိုင်းဒေသများကို သိမ်းပိုက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်တွင် ဆော်ဒီအာရေဗျ စသည့်နိုင်ငံများက ဟူတီလက်နက်ကိုင်များကို မုန်တိုင်းစစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကုလသမဂ္ဂ၏ ညှိနှိုင်းမှုဖြင့် ယီမင်အစိုးရနှင့် ဟူတီလက်နက်ကိုင်အကြား အပစ်ခတ်ရပ်စဲရေးနှင့် စစ်သုံ့ပန်းပြန်လည်လဲလှယ်ရေး စသည့်အချက်များတွင် သဘောတူညီမှုရခဲ့သော်လည်း မကြာမီမှာပင် ပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်သည်ဟုဆိုကာ နှစ်ဖက်အကြား အပြန်အလှန်အပြစ်တင်စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

ယခုကာလအတွင်း ဖြစ်ပေါ်သော ပဋိပက္ခများက ကုလသမဂ္ဂ ယီမင်ပြဿနာ အထူးကိုယ်စားလှယ် Hans Grundberg တွန်းအားပေးလုပ်ဆောင်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များကို ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာရပ် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကောင်စီ (GCC) သည် ယီမင်ပဋိပက္ခ သက်ဆိုင်ရာနိုင်ငံများအကြား ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရန် တွန်းအားပေးလိုသော်လည်း ဟူသီလက်နက်ကိုင်က GCC ဌာနချုပ်တည်ရှိရာ ဆော်ဒီမြို့တော် ရီယာ့ဒ်သို့ သွားရန် ငြင်းဆိုထားကြောင်း သိရသည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)