ပွင့်ဖြူမြို့နယ်၌ လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်



MNP - မတ်    ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် စီစဉ်ကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဝါတပ်ရှိ အခြေခံပညာမူလတန်း လွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး ဟောပြောပွဲတွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများ အားကစားစွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်ရမည့်အချက်များနှင့် အားကစား ပြုလုပ်ခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော်က လူငယ်နှင့် အနာဂတ် ခေါင်းစဉ် ဖြင့် ကျောင်းသားကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝစေရေးအတွက် သတိပြုလိုက်နာ ရမည့်အချက်များကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက လူငယ်နှင့် ဗလငါးတန် ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့် အချက်များနှင့် မျိုချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာရေး လုပ်ဆောင်ရန်အချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးဟောပြောခဲ့ ပြီး ကျောင်းသားကျောင်းသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပေးခဲ့ ကြောင်းသိရသည်။

ယခုပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များ ကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတ တိုးပွားလာ စေရန်၊ နိုင်ငံအတွက် အားကိုးအားထား ပြုရသော ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးခြင်းနှင့်အတူ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ  ထက်မြက်ပြည့်စုံသောသူများ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။  

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)