ရုရှားနှင့် ယူကရိန်း ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ထားသည့်ကြားမှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနှင့် ယူကရိန်း ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ထားသည့်ကြားမှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ







မော်စကို၊ ကိဗ်၊ မတ် ၂

ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ရေး စစ်ဆင်ရေးပြုလုပ်နေသည်မှာ သတ္တမမြောက်နေ့သို့ ဝင်ရောက်လာကာ  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် ရှိနေသည့်ကြားမှပင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။ 

ယူကရိန်းနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Kharkiv မြို့လယ်အား ရုရှားနိုင်ငံက ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လူနေဧရိယာများနှင့် ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေး အဆောက်အအုံများကိုလည်း ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ယူကရိန်း အရေးပေါ်ဌာနက ပြောကြားခဲ့သည်။

လူငါးဦးသေဆုံးပြီး အခြားသူ ငါးဦး ဒဏ်ရာရရှိခဲ့သော Kiev TV မျှော်စင်အား ရုရှား၏ တိုက်ခိုက်မှုကို အေဂျင်စီက မတ် ၁ ရက်၌ သတင်းဖော်ပြခဲ့သည်။ 

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းစစ်တပ်၏ သတင်းအချက်အလက်တပ်ဖွဲ့နှင့် စိတ်ဓာတ်စစ်ဆင်ရေး ဗဟိုဌာနအပြင် ကိဗ်မြို့ရှိ ယူကရိန်း လုံခြုံရေးလုပ်ငန်း၏ နည်းပညာဆိုင်ရာ အဆောက်အအုံများအား ပစ်မှတ်တိကျမှုမြင့်မားသည့် လက်နက်များဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း  ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က မတ် ၁ ရက် ပုံမှန်သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း အနောက်နိုင်ငံများ၏ ခြိမ်းခြောက်မှုကနေ ရုရှားနိုင်ငံကို ကာကွယ်ရေးဟူသော အဓိက ပန်းတိုင်ရောက်သည်အထိ ယူကရိန်း၌ စစ်ဆင်ရေးအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ 

"ကျွန်တော်တို့ နိုင်ငံကို ဆန့်ကျင်တိုက်ခိုက်ဖို့ ယူကရိန်းပြည်သူတွေကို အသုံးပြုဖို့ ကြိုးပမ်းနေတဲ့ အနောက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေကနေ ရုရှားကိုကာကွယ်ဖို့က ကျွန်တော်တို့ရဲ့ အဓိကအရာပါပဲ” ဟု Shoigu က အဆင့်မြင့် ကာကွယ်ရေးအရာရှိများနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြောကြားခဲ့သည်။ 

ဖေဖော်ဝါရီ ၂၄ တွင် စစ်ဆင်ရေး စတင်ချိန်မှစ၍ ရုရှားစစ်တပ်က ယူကရိန်းရှိ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ ၁,၃၂၅ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း Konashenkov က ဆိုသည်။

ထို့အပြင် တင့်ကား ၃၉၅ စီးနှင့် အခြားသံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ၊ ဒုံးပျံ ပုံစံမျိုးစုံပစ်လွှတ်မှုစနစ် ၅၉ ခု၊ အမြောက်တပ် သေနတ်များနှင့် စိန်ပြောင်းများ ၁၇၉ ခုနှင့် အထူးစစ်ဘက်ဆိုင်ရာ မော်တော်ယာဉ် ၂၈၆ စီးတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

Azov ပင်လယ်အတွင်းသို့ ယူကရိန်းတပ်ဖွဲ့ဝင်များ ဝင်ရောက်မှုကို လုံးဝပိတ်ဆို့ထားနိုင်ခဲ့ကြောင်း Konashenkov က သတင်းထောက်များအား ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကလည်း ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပြီး ယူကရိန်းအား လက်နက်များ ပိုမိုပံ့ပိုးပေးရန်နှင့် ငွေကြေးထောက်ပံ့မှုများ ပိုမိုလုပ်ဆောင်ကြရန် ပိုလန်၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးများကို တောင်းဆိုခဲ့ကြောင်း သိရသည်။ 

လူသေဆုံးမှုများပြားလျက်ရှိသော ပဋိပက္ခအကြား ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံ ဂိုမဲလ်ဒေသ၌ ပဋိပက္ခအတွက် အဖြေရှာရေး ညှိနှိုင်းဆွေးနွေးမှု ပထမအကျော့ပြုလုပ်ခဲ့ရာ ရလဒ်ရှင်းရှင်းလင်းလင်း မရရှိဘဲ အဆုံးသတ်ခဲ့ကြောင်း သိရသည်။ 

ဒုတိယအကျော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း မတ် ၂ ရက်တွင် ကျင်းပနိုင်မည်ဟု သတင်းရင်းမြစ်များကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြခဲ့သည်။

အကယ်၍ ဆွေးနွေးညှိနှိုင်းမှုများ တိုးတက်မှုရှိခဲ့ပါက ရုရှားနှင့် ယူကရိန်း သမ္မတတို့ တွေ့ဆုံနိုင်ခြေရှိကြောင်းကို ဘီလာရုဇ်နိုင်ငံ သမ္မတ Alexander Lukashenko က ငြင်းဆိုထားခြင်းမရှိဟု BelTA သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။ 

သို့ရာတွင် ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကမူ ယင်းသို့တွေ့ဆုံမှုနှင့်ပတ်သက်၍ ပြောဆိုရန် စောလွန်းသေးသည်ဟု ပြောကြားခဲ့သည်။ 


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)