MNP - မတ် ၂၈
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပိုးသတ်ဆေးနှင့် စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေး၊ စားသုံးရေးရာ အကာအကွယ်ပေးရေး၊ ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ် သုံးစွဲရေးနှင့် ပတ်သက်သည့် တောင်သူပညာပေး သင်တန်းကို ပေါက်တောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားကို ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်းသန်းဌေးမှ သင်တန်းသို့ တက်ရောက်လာကြသည့် တောင်သူများအား သင်တန်းပြုလုပ်ရခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံမှ အစားအစာများ ဘေးကင်းလုံခြုံရေး အကြောင်းအရာများကို ဆွေးနွေး ပြောကြားကြပြီး ပထမပိုင်း အခမ်းအနားဖွင့်ပွဲကို ခေတ္တရပ်နားကာ ဒုတိယပိုင်းအစီအစဉ်ဖြင့် ပေါက်တောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန သက်ဆိုင်ရာ စိုက်ပျိုးရေး ဝန်ထမ်းများက ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ် သုံးစွဲကြပုံတို့ကို အကျယ်တဝင့် ဆွေးနွေးပို့ချ သွားကြမည်ဖြစ်ပြီး တောင်သူစုစုပေါင်း(၅၁)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment