MNP - မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့ဝင်/မြို့ထွက်စစ်ဆေးရေး ဂိတ်တွင် လုံခြုံရေးအတွက် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက် (၆)နာရီမှစ၍ ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း နယ်မြေအတွင်း မလိုလားအပ်သော အဖျက်အမှောင့်လုပ်ငန်းများ မဖြစ်ပေါ်စေရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ကျသည့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များအနေဖြင့် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်နှင့် ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးရန် ညွှန်ကြားထားကြောင်းနှင့် ခရီးသည်တင်ကားများအပေါ်တွင် စည်းကမ်းလိုက်နာမှုနှင့် ကျန်းမာသန့်ရှင်းမှုအတွက် အမှိုက်ပုံးများ ထားရှိမှု ရှိ မရှိကိုလည်း စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပေးနေကြောင်း သိရသည်။
သတင်း - ရီရီမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment