မြစ်သားမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး၊ တိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး၊ တိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ပို့ချ

 


MNP -  မတ်   ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ ကျင်းပကြောင်း သိရ သည်။

ရှေးဦးစွာ မြစ်သားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်ဇော်က သင်တန်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါက်တာ နေလွင်ထွန်းက တိရစ္ဆာန်များ အချင်းချင်းကူးစက်ရောဂါများ ကင်းရှင်းစေရန်နှင့် ကြိုတင်ကာကွယ်နိုင်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များ၊ ကျွဲ၊ နွား၊ ဆိတ်များတွင် ရောဂါများ ဖြစ်ပွားပါက ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆိတ်များ၏ အစာအာဟာရများ စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် မြစ်သားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်ဇော်နှင့် ဒုတိယဦးစီးမှူး ဒေါက်တာနေလွင်ထွန်းတို့က သင်တန်းသို့ တက်ရောက်လာကြသည့် မြစ်သားမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများဖြစ်သည့် ဥသျှစ်ကုန်း၊ တမာပင်၊ နတ်လွှဲ၊ မယ်ဇယ် ပင်သာရွာ၊ လက်ပံဆိပ်၊ မုန္တောကြီး၊ ညောင်ဂျစ်၊ ရစ်ကန် ကျေးရွာတို့မှ သင်တန်းသားများအား ကျွဲ၊ နွား၊ ဆိတ်စသည့် တိရစ္ဆာန်များ ကူးစက် ရောဂါ တားဆီးကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်များ၊ ဆိတ်များတွင် ဖြစ်တတ်သော ကူးစက် ရောဂါများအကြောင်း၊ ကူးစက်ရောဂါများအတွက် ကြိုတင်ကာကွယ်ရမည့် ကာကွယ်ဆေးများ အကြောင်း၊တိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်း သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းသား အချင်းချင်းမှလည်း ၎င်းတို့၏ အတွေ့အကြုံ များကို ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့  သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ကြကာ  သင်တန်းကို မတ်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ (၃)ရက်ကြာသင်ကြားပို့ချသွားမည် ဖြစ်ပြီး သင်တန်းသားများအား မွေးမြူရေးနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

သတင်း - သီတာအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)