ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင် ပြောကြား







ပေကျင်း၊ မတ် ၇


ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ယူကရိန်း လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ဆောင်ရွက်နေကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၅ ရက်တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့သည်။  


ဒွန်ဘတ်စ်မှ မရီဥပိုလ်သို့ဆက်သွယ်ထားသည့် ပင်မ သဘာဝဓါတ်ငွေ့ပိုက်လိုင်း မတ် ၆ ရက်က တိုက်ခိုက်ခံရကြောင်း၊  ဒွန်ဘတ်စ်ဒေသ အနောက်ဘက်မှ ဇာပိုရေဇီးယားပြည်နယ် Berdianskမြို့တစ်လျှောက် အနီးတစ်ဝိုက်လူနေဒေသများတွင် သဘာဝဓါတ်ငွေ့ပံ့ပိုးမှု အမြန်ဆုံးပြတ်တောက်သွားနိုင်ကြောင်း ယူကရိန်းရှိ Interfax သတင်းဌာနက ယူကရိန်းဒေသခံအရာရှိတစ်ဦး၏ သတင်းကို ကိုးကားဖော်ပြထားသည်။


ရုရှား သမ္မတ ပူတင်သည် မတ် ၆ ရက်က တူရကီ သမ္မတ အာဒိုဂန်နှင့်  ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။ ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှု အစီအစဉ်အတိုင်း လုပ်ဆောင်နေကြာင်း၊ ရုရှားစစ်တပ်က အရပ်သားလုံခြုံရေးကို တတ်နိုင်သမျှ အလုံးစုံဆောင်ရွက်နေကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။ ယူကရိန်းဘက်က တိုက်ပွဲများရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေး ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ပူတင်က ဆိုသည်။ အာဒိုဂန်က အပစ်ခတ်ရပ်စဲရန် ပူတင်ကို တိုက်တွန်းခဲ့ပြီး ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်ဖွင့်လှစ်ပေးရန်နှင့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် တိုက်တွန်းပြောကြားခဲ့သည်။ တူရကီအနေဖြင့် ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရာတွင် အကျိုးဆောင်လိုကြောင်း အာဒိုအန်က ဆိုသည်။


အထူးစစ်ဆင်ရေးလှုပ်ရှားမှု လုပ်ဆောင်ပြီးနောက်ပိုင်း ယူကရိန်းရှိ စစ်ရေးအခြေခံအဆောက်အအုံများ ပစ်မှတ် ၂,၂၀၃ ကို ချေမှုန်းခဲ့ရာ ကွပ်ကဲရေးဌာနှင့် ဆက်သွယ်ရေးစင်တာ ၇၆၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၁၁၁ စုံ၊ ရေဒါစခန်း ၇၁ ခု ပါဝင်ကြောင်း ရုရှားကာကယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov ၏ မတ် ၆ ရက် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထို့အပြင် မြေပြင်ရှိ လေယာဉ် ၆၉ စီး၊ ဝေဟင်တွင် ပျံသန်းနေသည် လေယာဉ် ၂၄ စီးနှင့် မောင်းသူမဲ့ ဒရုန်းယာဉ် ၆၂ စီး၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ်စသည့် ၇၇၈ စီးကို ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။


ဗြိတိန် စေတနာ့ဝန်ထမ်းစစ်သည်များ ယူကရိန်းကို ရောက်ရှိနေပြီဖြစ်ရာ ၎င်းတို့က ယူကရိန်းစစ်တပ်နှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယူကရိန်း ကြည်းတပ်က မတ် ၆ ရက် လူမှုကွန်ရန်မီဒီယာတွင် ထုတ်ပြန်ပြောကြားခဲ့သည်။စေတနာ့ဝန်ထမ်းစစ်သည်အများစုမှာ ဗြိတိန်တော်ဝင်ရေတပ်က အငြိမ်းစား မရိန်းတပ်သားများ ဖြစ်ကြောင်း ယူကရိန်းမီဒီယာများ၏ဖော်ပြချက်များအရ သိရသည်။


မတ် ၆ ရက် ၁၀ နာရီမှ ၂၁ နာရီအထိ မရိဥပိုလ်တွင် အပစ်ခတ် ရပ်စဲမည်ဖြစ်ကြောင်း ယူကရိန်း မရီဥပိုလ်မြို့တော်ကောင်စီ၏ မတ် ၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းနေ့ နေ့လည်ပိုင်း ၁၂ နာရီတွင် စတင်ပြီး ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြမည်ဖြစ်ကြောင်း ဆိုသည်။


ဂျာမနီတွင် မှတ်ပုံတင် လက်ခံထားသည့် ယူကရိန်းပြည်သူ ၃၇,၇၈၆ ဦးရှိရာ ၎င်းမှာ ပြီးခဲ့သည့်ရက်ကထက် လူပေါင်း ၁ သောင်းနီးပါး ထပ်တိုးလာကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ လက်တွေ့တွင် ယူကရိန်းက ဂျာမနီကို ဝင်ရောက်သည့်အရေအတွက်သည် ယင်းကိန်းဂဏန်းထက် ပို၍ များပြားနိုင်ကြောင်း ဆိုသည်။


အမေရိကန် သမ္မတ ဘိုင်ဒန်သည် မတ် ၅ ရက်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။ ဘိုင်ဒန်က အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ပေးနေကြောင်းနှင့် ယူကရိန်းအတွက် လုံခြုံရေး ထပ်ဆောင်းရန်ပုံငွေ ပံ့ပိုးမှု ဖော်ဆောင်ရန် လွှတ်တော်နှင့်နီးကပ်စွာ ပူးပေါင်းဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ ယူကရိန်းလုံခြုံရေးနှင့်ဘဏ္ဍာရေးအားပေးထောက်ခံမှု၊ ရုရှားအပေါ် ဆက်လက်ဆောင်ရွက်မည့် ပိတ်ဆို့မှုများကို ဘိုင်ဒန်နှင့် ဆွေးနွေးခဲ့ကြောင်း ဇယ်လန်းစကီးက လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။


အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက်သည် မတ် ၅ ရက်က မော်စကိုတွင် ရုရှားသမ္မတ ပူတင်နှင့် ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးခဲ့သည်။ ပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုအပြီး နာ့ဖ်တာလီဘန်းနက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဇယ်လန်းစကီးက မတ် ၆ ရက် နံနက်ပိုင်း လူမှုကွန်ရက်မီဒီယာတွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်းမီဒီယာများ၏ ဖော်ပြချက်များအရ ဇယ်လန်းစကီး၏အဆိုပြုချက်အရ အစ္စရေးသည် ရုရှား-ယူကရိန်း ပဋိပက္ခ၏ ညှိနှိုင်းသူအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ မတ် ၅ ရက် ညပိုင်းတွင် နာ့ဖ်တာလီ ဘန်းနက်က ဘာလင်မြို့တွင် ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ရုရှား-ယူကရိန်းအရေး၌ နီးကပ်သည့် ဆက်သွယ်မှုများ ထားရှိရန် သဘောတူညီခဲ့ကြပြီး နှစ်ဖက်စလုံး၏ ဘုံရည်မှန်းချက်သည် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်ရေးဖြစ်ကြောင်း ဆိုသည်။


ဘိုင်ဒန်အစိုးရက အရေးပေါ်ရန်ပုံငွေအဖြစ် လွှတ်တော်ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုထားကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲရေးနှင့်ဘတ်ဂျက်ရုံး၏ မတ် ၂ ရက် လွှတ်တော်သို့ ပေးပို့သည့် စာတစ်စောင်တွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ကန်ဒေါ်လာ ၄.၈ ဘီလီယံကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို ချပေးမည်ဖြစ်ပြီး ယူကရိန်းသို့ စစ်ရေးအကူအညီ၊ ဥရောပ၌ တပ်စွဲထားသည့် အမေရိကန်စစ်တပ်၏အထောက်အပံ့နှင့် ပင်တဂွန်၏ထောက်လှမ်းရေး၊ ဆိုက်ဘာတိုက်ခိုက်မှုကာကွယ်ရေးစွမ်းရည်တို့အား မြှင့်တင်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း၊ ကန်ဒေါ်လာ ၅ ဘီလီယံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီသို့ ချပေးမည်ဖြစ်ပြီး ယူကရိန်းနှင့်အရှေ့ဥရောပဒေသရှိ အမေရိကန်မဟာမိတ်နှင့်မိတ်ဖက်များအတွက် လုံခြုံရေးနှင့်စီးပွားရေးထောက်ပံ့မှုတွင် အသုံးပြုမည်ဖြစ်ကြောင်း ၊ ကျန်ရှိသည် ကန်ဒေါ်လာ သန်း ၂၀၀ ကို အမေရိကန် စီးပွားကူးသန်း၊ စွမ်းအင်၊ တရားစီရင်ရေးနှင့်ဘဏ္ဍာရေးဌာနများကို ချပေးမည် ဖြစ်ကြောင်း ဆိုသည်။ 


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)