တာမွေမြို့နယ်အတွင်းရှိ ပြည်သူတစ်ထောင်ကျော်အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ ပြည်သူတစ်ထောင်ကျော်အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်

 


MNP - မတ်     ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းထားသော Spuntnik Light အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ ပြည်သူ (၁၀၇၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။

ထိုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတ အသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

“ကိုဗစ်-၁၉ရောဂါဟာ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ဆိုပြီး ကူးစက်မှု ပြန်လည်ဖြစ်ပေါ်လာတဲ့ အခုလိုအချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ ကျွန်တော်တို့ ပြည်သူတွေကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးတဲ့အပေါ် ကျေးဇူးအထူးတင် ရှိပါတယ်။ အခုလိုထပ်ဆောင်းကာကွယ်ဆေး ထိုးထားခြင်း အားဖြင့် ရောဂါကူးစက်နိုင်ခြေက ရာခိုင်နှုန်းနည်းတဲ့ အတွက် လာရောက်ထိုးနှံဖြစ်တာပါ။ နောက်တစ်ခုက ကိုယ်က ဆေးထိုးထားတယ်ဆိုပြီး ပေါ့ဆစွာ မနေဖို့ပါ။ အရင်လို အိမ်အပြင်ထွက်တိုင်း ပါးစပ်/နှာခေါင်းစည်းတပ်ပါ။ အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်းနှင့် အိမ်အပြင်မှ ပြန်လာပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာရည်နှင့် စနစ်တကျ ဆေးကြောကြပါ။ နေ့စဉ် မိမိတို့ရဲ့ လူနေမှုဘဝမှာ ကျန်မာရေးနှင့်အညီ နေထိုင်သွားလာ စားသောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု တာမွေမြို့နယ်ရှိ ကျောက်မြောင်းကြီးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးသည့် ပြည်သူ(၁၀၇၀)ဦးအထိရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အမျိုးသားရေးအသွင်ဖြင့် မှတ်ယူပြီး တိကျစွာ ဆက်လက်လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်း - နိုင်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)