MNP - မတ် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ်(Covid Shield)ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီ အချိန်အထိ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံဘုရားဝန်းအတွင်းရှိဓမ္မဗိမာန်ဓမ္မာရုံနှင့် သုဝဏ္ဏ (၂၉)ရပ်ကွက်ရှိ ဓမ္မာရုံတို့တွင် ကျား(၈၅)၊ မ(၉၈) စုစုပေါင်း (၁၈၃)ဉီးတို့အား ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့် အထက်ကိုဗစ်ကာ ကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield)ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့များ၊မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူပြည်သူများအား မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
သတင်း - စန္ဒာမိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment