ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ Mobile Swab စနစ်ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ Mobile Swab စနစ်ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေးပေး


MNP ၊ မတ် ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ ဒီကနေ့ နံနက်ပိုင်းက ပေါင်မြို့ မင်္ဂလာဈေး၌ ဈေးရောင်းဝယ်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ Mobile Swab ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။


အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးသိုက်ထွန်းနှင့်တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးပရဟိတအဖွဲ့ဝင်များတို့မှ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြသည်။


မြို့မဈေးတွင် ဈေးရောင်းချနေသောဈေးသူဈေးသားများနှင့် ဈေးရောင်းဈေးဝယ်ရောက်လာကြသော ပြည်သူများ စုစုပေါင်း( ၆၁ )ဦးတို့ကို အာခေါင်နှာခေါင်းတို့ပတ်ရယူစစ်ဆေးပေးခဲ့ရာ (၃)ဦး ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။


ယခု ကွင်းဆင်းစစ်ဆေးရာတွင် ပိုးတွေ့ရှိသူများထဲမှ ကျန်းမာရေးကောင်းမွန်သူများနှင့် ၎င်းတို့မိသားစုဝင်များကို နေအိမ်တွင် (၁၀)ရက် အသွားအလာကန့်သတ်စောင့်ကြည့်ထားမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှုမရှိတဲ့ အရေးကြီးလူနာများကို Isolation Ward - 1 ၌ ဆေးကုသမှုခံယူနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။


ပေါင်မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများ၊ လူအသွားအလာများသည့်နေရာများနှင့် ရောဂါပိုးကူးစက်မှုနှုန်းများသည့်နေရာများတွင် စုရပ်အသီးအသီးသတ်မှတ်ကာ အလှည့်ကျကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။


ပေါင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းစတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ(၁၅)ရက်နေ့မှ မတ်(၈)ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ (၂၉၃)ဦးရှိပြီး သေဆုံးသူ (၁၄) ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုမရှိစေရေး ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ရပ်ကွက်ကျေးရွာများ၌ လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)