ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန (Myanmar CDC) စီမံကိန်းကို သွားရောက်ကြည့်ရှုစစ်ဆေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန (Myanmar CDC) စီမံကိန်းကို သွားရောက်ကြည့်ရှုစစ်ဆေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား



MNP ၊ မတ် ၉ 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသော Myanmar Center for Disease Control and Training Center for Medical Staff (Myanmar CDC) တည်ဆောက်ရေးစီမံကိန်းနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 

ရှေးဦးစွာ တည်ဆောက်ရေးစီမံကိန်း အစည်းအဝေးခန်းမတွင် တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက Myanmar CDC သည် COVID-19 ကဲ့သို့သော ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ရာ၌ လွန်စွာအရေးကြီးပါကြောင်း၊ အခြားနိုင်ငံများတွင်လည်း ယခုကဲ့သို့ Disease Control Center များရှိပြီး မြန်မာနိုင်ငံအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်စဉ်တွင် ရည်မှန်းထားသည့်အချိန်တွင် ပြီးစီးနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဖြစ်ပါကြောင်း၊ စီမံကိန်းတွင် ကူးစက်ရောဂါများကို အချိန်တိုအတွင်း တိကျစွာ ရှာဖွေဖော်ထုတ်နိုင်မည့် နိုင်ငံတကာအဆင့်မှီ (ဇီဝလုံခြုံမှုအဆင့်) Biosafety level (2) နှင့် level (3) ဓါတ်ခွဲခန်းများလည်း ပါဝင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော ဓာတ်ခွဲမှုဆိုင်ရာစွမ်းရည်ကို ပိုမိုအဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်မည် ဖြစ်သည့်အပြင် ကူးစက်မြန်ရောဂါများနှင့် အခြားပြည်သူ့ ကျန်းမာရေးအရေးပေါ် အခြေအနေများကို စောစီးစွာ ကြိုတင်ထောက်လှမ်း သိရှိနိုင်ခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းပြီးစီးပါက ဓာတ်ခွဲမှုဆိုင်ရာ လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများနှင့် လေ့ကျင့်ရေးသင်တန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် စီမံကိန်းနှောင့်နှေးမှု မရှိစေရေး အထူးကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စီမံကိန်း စောလျင်စွာ ပြီးစီးပါက ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်၍ စီမံကိန်းနှင့်ပတ်သက်၍ ‌ဆောင်ရွက်နေမှု အခြေအနေနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CCCC China Harbor Engineering Co.,Ltd မှ ဆောက်လုပ်ရေး မန်နေဂျာတို့က စီမံကိန်းဆောင်ရွက်နေမှု၊ ပြီးစီးမှု အခြေအနေနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို တင်ပြဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

Myanmar Center for Disease Control and Training Center for Medical Staff တည်ဆောက်ရေးစီမံကိန်းသည် တန်ဖိုး ယွမ်သန်း (၄၀၀)ခန့် တန်ဖိုးရှိသည့် နိုင်ငံတကာ အဆင့်မှီ စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းတွင် (၂)ထပ် အုပ်ချုပ်မှုဆောင် (၁)ဆောင်၊ (၃)ထပ် ရောဂါနှိမ်နင်းရေး အဆောက်အဦနှင့် နိုင်ငံတကာအဆင့်မှီ Biosafety level (3) နှင့် Biosafety level (2) ရှိသော ဓာတ်ခွဲခန်းများ၊ (၄)ထပ် သင်တန်းကျောင်းဆောင်တို့ ပါဝင်၍ (၂၀၂၃)ခုနှစ်မကုန်မီ စီမံကိန်းတစ်ခုလုံး ပြီးစီးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည်။ 

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခု ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းအတွင်း ရောဂါဖြစ်ပွား သေဆုံးမှုများကို သုံးသပ်ကြည့်ရာတွင် ရောဂါကြောင့်သေဆုံးသူ အများစုဖြစ်သည့် (၉၀)မှ (၉၅)ရာခိုင်နှုန်းခန့်မှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု မရှိသူများ ဖြစ်ပါကြောင်း၊ စတုတ္ထလှိုင်းအတွင်း ရောဂါဖြစ်ပွားမှုမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်၍ နေ့စဉ် ပိုးတွေ့ရှိရမှုနှင့် ပိုးတွေ့ရာခိုင်နှုန်း သိသာစွာ မြင့်တက်လာခဲ့သော်လည်း ယခုမတ်လဆန်းပိုင်းတွင် စတင်ကျဆင်းလာသည်ကို တွေ့ရပါကြောင်း၊ ထို့အပြင် နေ့စဉ်ရောဂါကြောင့် သေဆုံးမှု ရာခိုင်နှုန်းမှာလည်း (ဝ.၁)မှ (ဝ.၂)ရာခိုင်နှုန်းခန့်သာ ရှိသည်ကို တွေ့ရှိရပါကြောင်း။ 

ရောဂါဖြစ်ပွားမှု လျင်မြန်စွာ ပြန်လည်ကျဆင်းလာခြင်းနှင့် ရောဂါကြောင့် သေဆုံးမှု လျော့ကျရခြင်းတို့မှာ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း မစတင်မီအချိန်ကတည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ခြင်း၊ နိုင်ငံအတွင်း အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုများတွင် ကာကွယ်ဆေး လွှမ်းခြုံမှု (၆၀)ရာခိုင်နှုန်းကျော် ရရှိအောင် ဆောင်ရွက်ထားရှိခဲ့နိုင်ခြင်း၊ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အရွယ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၁ ဒသမ ၅)သန်းခန့်ကို ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ခဲ့ခြင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာတွင် ပြည်သူများအနေဖြင့် ရောဂါနှင့်ပတ်သက်၍ မေးမြန်းလာသည်များကို တစ်နေ့လျှင် (၂၄)နာရီ ပိတ်ရက်မရှိ ဖြေကြားပေးသည့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (RRT) များ၊ ရောဂါနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးနိုင်သည့် အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် Tele-consultation အဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ပေးနိုင်ခဲ့ခြင်း၊ ရောဂါဓာတ်ခွဲ စစ်ဆေးရေးနှင့် ရောဂါကုသရေးအတွက် လိုအပ်သည့် အောက်ဆီဂျင်အပါအဝင် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အာနိသင် ပြည့်ဝကောင်းမွန်သည့် ကိုဗစ်ရောဂါ ကုသရေးဆေးဝါးများ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း စသည်ဖြင့် အဘက်ဘက်မှ ပြည့်စုံစေရေး ကြိုတင်ဆောင်ရွက် ထားရှိနိုင်ခဲ့ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ၊ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခဲ့မှုတို့ကြောင့် ဖြစ်ပါကြောင်း။ 

အိုမီခရွန် ရောဂါပိုးမျိုးကွဲဖြစ်သည့် BA.2 ဝင်ရောက်ဖြစ်ပွားမှုများနှင့် ပတ်သက်၍ ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှု စောင့်ကြပ်ကြည့်ရှုခြင်း (Genomic Surveillance) လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးခြင်း မဖြစ်စေရေးအတွက် အအေးလမ်းကြောင်းမပျက် သိုလှောင်ထားရှိ၍ ပို့ဆောင်ပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများတွင် နွေရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကိုလည်း သတိပြုရမည် ဖြစ်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အမှာစကား ပြောကြားသည်။ 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာတိုးသီရိအောင်၊ ညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာ ဉာဏ်ဝင်းမြင့်၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာမျိုးစုကြည်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)