ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် NLD အစွန်းရောက် UG- 47 အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် NLD အစွန်းရောက် UG- 47 အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ

















MNP ၊ မတ်လ ၁၀


နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများဖွဲ့စည်းထားသော CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များ မြို့ရွာများတွင် လှုပ်ရှားသွားလာမှု မရှိစေရေး နေ့/ညမပြတ် ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက် ညပိုင်းတွင် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပ မြို့နယ်၊ (ဋ)ရပ်ကွက်၊ အမှတ်(၃၅၅) နေအိမ်၌ သျှားထက်အောင်(၂၄)နှစ်အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၉ တောင့်၊ ဖုန်းမျိုးစုံ ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိပြီး တရားခံ သွားထက်အောင်၏ ထွက်ဆိုချက်အရ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ (၄)ရပ်ကွက်၊ အမှတ်(၈၇)နေအိမ်၌ သန့်စင်အောင်(၂၃)နှစ်အား ဖမ်းဆီး ရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မတ်လ ၇ ရက် နံနက်ပိုင်းတွင် ရွှေပေါက္ကံမြို့နယ်၊ (၂၂)ရပ်ကွက်ရှိ အကြမ်းဖက်အဖွဲ့များ Safe House အဖြစ်အသုံး ပြုလျက်ရှိသော နေအိမ်၌ စိုင်းစံ(ခ)အရှည်ကြီး(၂၂)နှစ်နှင့် သက်မျိုးထိုက်(၂၁)နှစ်တို့ ၂ ဦးအား လက်လုပ်ဗုံး ၂၂ လုံး၊ ယမ်းညှင်း ၅ ပိဿာခန့်၊ စနက်တံ ၈ ခု၊ Keypad ဖုန်း ၂၁ လုံး၊ အသံဗြောက်အိုး ၇ လုံး၊ သံဘောစေ့ ၈၀ ကျပ်သားခန့်နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။


တရားခံ သွားထက်အောင်၏ ထွက်ဆိုချက်အရ မတ်လ ၉ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၌ တေဇာအောင်(၃၇)နှစ်အား လည်းကောင်း၊ (၂၂)ရပ်ကွက်၌ ကျော်ဇော(၄၂)နှစ်အား လည်းကောင်း၊ (ဌ)ရပ်ကွက်၌ ကျော်မင်းအောင် (၄၉)နှစ်အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင် တရားခံ အမျိုးသား ၇ ဦး အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၉ တောင့်၊ လက်လုပ်ဗုံး ၂၂ လုံး၊ ယမ်းညှင်း ၅ ပိဿာခန့်၊ စနက်တံ ၈ ခု၊ ချိန်ကိုက်ဗုံးခွဲရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၂၃ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ သျှားထက်အောင်၊ သန့်စင်အောင်၊ စိုင်းစံ(ခ) အရှည်ကြီးနှင့် သက်မျိုးထိုက် တို့ ၄ ဦးသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၁၁ ရက်အထိ KNLA တပ်မဟာ(၇)နယ်မြေ၌ ဖမ်းဆီးရန်ကျန် ဘားအံမြို့၊ NLD ပါတီလူငယ် တာဝန်ခံ စောငြိမ်းချမ်းဝင်း နှင့် ရန်ကုန်မြို့၊ NLD ပါတီ သတင်းပြန်ကြားရေးအဖွဲ့ဝင် မန်းအောင်နိုင်ကြည်တို့မှ ဦးစီး ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။


တရားခံ သျှားထက်အောင်၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် မန်းအောင်နိုင်ကြည် ဦးဆောင်၍ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းမှ သျှားထက်အောင်၊ သက်မျိုးထိုက်၊ ဖမ်းဆီးရန်ကျန် ဒိန်းဒေါင်နှင့် သုည တို့အပါအဝင် သင်တန်းသား ၄၇ ဦးဖြင့် UG-47 အကြမ်းဖက်အဖွဲ့အား ရန်ကုန်မြို့အတွင်း အဖျက် အမှောက်လုပ်ငန်းများလုပ်ဆောင်ရန်နှင့် မြို့ပြတိုက်ပွဲများ ဖော်ဆောင်၍ တိုက်ခိုက် သွားရန် ရည်ရွယ်ဖွဲ့စည်းပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။


တရားခံထက်အောင် ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိသည့် ပစ္စတို ၁ လက်မှာ မန်းအောင်နိုင်ကြည် မှ UG-47 အကြမ်းဖက်အဖွဲ့ဝင်များ ရန်ကုန်မြို့ အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝယ်ယူပေးထားခြင်းဖြစ်ပြီး Mission ပြုလုပ်တိုင်း ရွှေပေါက္ကံမြို့သစ်နေ ဖမ်းဆီးရန်ကျန် ကိုမျိုး(ခ)စွန်ရဲထံမှ ထုတ်ယူရခြင်းဖြစ်ကြောင်း၊ လိုအပ်သည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား ကျော်ဇောမှ ဝယ်ယူပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိသည့် ဖောက်ခွဲရေးပစ္စည်းများမှာ ကိုမျိုး(ခ)စွန်ရဲ ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ UG-47 အကြမ်းဖက်အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်း ဆောင်ရွက်ခဲ့မှုအနေဖြင့် -


- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် မန်းအောင်နိုင်ကြည် ၏ စေခိုင်းချက်အရ သျှားထက်အောင်၊ သက်မျိုးထိုက် နှင့် ဖမ်းဆီးရန်ကျန် စိုးစိုး၊ အောင်လ၊ ကိုဇင် တို့ ၅ ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊ ၆ ကွေ့ မီးပွိုင့် အနီးရှိ အမှိုက်ပုံအား လက်လုပ်မိုင်းဖြင့် လည်းကောင်း။


- ဇန်နဝါရီလ ၇ ရက်တွင် သျှားထက်အောင် နှင့် သက်မျိုးထိုက် တို့ ၂ ဦးသည် ကျောက်တံတားမြို့နယ်၊ အကောက်ခွန်ရုံးအနီးတွင် လက်လုပ်မိုင်းဖြင့်လည်းကောင်း။


- ဇန်နဝါရီလ ၁၃ ရက်တွင် လျှော်ထက်အောင်၊ သက်မျိုးထိုက်၊ စိုင်းစံ(ခ)အရှည်ကြီးနှင့် ဖမ်းဆီးရန်ကျန် စိုးစိုး၊ အောင်လ၊ ကိုဇင် တို့ ၆ ဦးသည် မြောက်ဥက္ကလာပ မြို့နယ်၊ ကန်သာယာမီးပွိုင့်အနီးရှိ အများပြည်သူသုံး ကားမှတ်တိုင်အား လက်လုပ်မိုင်း ဖြင့်လည်းကောင်း။


- ဖေဖော်ဝါရီလ ၁၄ ရက်တွင် သွားထက်အောင်နှင့် သက်မျိုးထိုက်တို့ ၂ ဦးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်မိုင်းဖြင့်လည်းကောင်း။


- မတ်လ ၃ ရက်တွင် လျှော်ထက်အောင်၊ သန့်စင်အောင်၊ စိုင်းစံ(ခ)အရှည်ကြီး၊ သက်မျိုးထိုက်နှင့် ဖမ်းဆီးရန်ကျန် အားမာန် တို့ ၅ ဦးသည် မြောက်ဥက္ကလာပ မြို့နယ်၊ (ည)ရပ်ကွက်၊ ကျောင်းလမ်းနှင့် ဘုမ္မာ(၁၃) လမ်းကြားတွင် လက်လုပ် အသံမိုင်း ၃ လုံး၊ ကန်သာယာမီးပွိုင့်တွင် လက်လုပ်အသံမိုင်း ၂ လုံး၊ ခေမာသီ လမ်းမကြီးရှိ ထရန်စဖော်မာအား အသံမိုင်း ၂ လုံးဖြင့်လည်းကောင်း ဖောက်ခွဲ ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ UG-47 အကြမ်းဖက်အဖွဲ့၏ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခဲ့မှုအနေဖြင့် -


- ဖေဖော်ဝါရီလ ၂၄ ရက်တွင် သျှားထက် အောင်၊ စိုင်းစံ(ခ)အရှည်ကြီးနှင့် သက်မျိုးထိုက် တို့ ၃ ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူတစ်ဦးအား လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။


- မတ်လ ၅ ရက်တွင် လျှော်ထက်အောင်၊ စိုင်းစံ(ခ)အရှည်ကြီးသည် ဖမ်းဆီးရန်ကျန်လှည်းကူး PDF အကြမ်းဖက်အဖွဲ့မှ ရဲကြီး၊ ပါကျဲ တို့နှင့်အတူ မြောက်ဥက္ကလာပ မြို့နယ်၊ ဝေပုလ္လ(၂) လမ်းနေ အပြစ်မဲ့ပြည်သူတစ်ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း။


- မတ်လ ၆ ရက်တွင် လျှော်ထက်အောင် သည် ဖမ်းဆီးရန်ကျန် လှည်းကူး PDF အကြမ်းဖက်အဖွဲ့မှ ဘိုဘို၊ ရဲကြီး တို့နှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ဧရာ(၁၅)လမ်းနေ အပြစ်မဲ့ပြည်သူတစ်ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


တရားခံ သျှားထက်အောင် ၏ ထွက်ဆိုချက်အရ ဆောင်ရွက်ခဲ့မှုကြောင့် မန်းအောင်နိုင်ကြည် မှ အကြမ်းဖက်ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှုများ ၁ ကြိမ် ဆောင်ရွက်တိုင်း ငွေကျပ် ၁ သိန်းနှုန်းဖြင့် ငွေကျပ် ၁၀ သိန်းအား Wave Money ဖြင့် ၎င်းထံ လွှဲပေးခဲ့ကြောင်းနှင့် ကျော်မင်းအောင် မှ ငွေကျပ် ၂ သိန်းအား ထောက်ပံ့ပေး ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


UG-47 အကြမ်းဖက်အဖွဲ့အနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြား စေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာ များတွင် အကြမ်းဖက်ဖောက်ခွဲမှု(၇)ကြိမ်နှင့် လုပ်ကြံသတ်ဖြတ်မှု (၃)ကြိမ်တို့အား ကျူးလွန် ခဲ့ကြောင်းနှင့် ထိုသို့ကျူးလွန်စေရန်အတွက် ရန်ကုန်မြို့၊ NLD ပါတီ သတင်းပြန်ကြားရေး အဖွဲ့ဝင် မန်းအောင်နိုင်ကြည် နှင့် ဘားအံမြို့၊ NLD ပါတီ လူငယ်တာဝန်ခံ စောငြိမ်းချမ်းဝင်း တို့သည် နောက်ကွယ်မှ စေခိုင်းလျက် ရှိကြောင်း ဖော်ထုတ်သိရှိရသည်။


သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေး ယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန် ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက် ရှိသော ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန် အပ်ပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)