(၇၇) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင်လမ်းပိုင်း၌ RBE ရထားပြေးဆွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင်လမ်းပိုင်း၌ RBE ရထားပြေးဆွဲ



MNP - မတ်   ၂၄

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင် လမ်းပိုင်းတွင် RBE ရထား ပြန်လည်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းက ပြည်တော်သာဘူတာယာဒ်ဝင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) နှင့် တာဝန်ရှိသူများ၊ စစ်တွေမြို့၊ မြိုမိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ရထားပြန်လည်ပြေးဆွဲမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီး သက်လွင်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်နှင့် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ(အောက်မြန်မာပြည်)တို့က ပြည်တော်သာ (စစ်တွေ)- ရေချမ်းပြင်လမ်းပိုင်းတွင် ပြေးဆွဲမည့် RBE ရထားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ သည်။  ဆက်လက်၍ ပြေးဆွဲမည့်RBE ရထား စက်ခေါင်းအား အမွှေးနံ့သာရေများဖြင့်  ပက်ဖျန်းပေးကြကာ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရထားပေါ်တွင် စီးနင်းလိုက်ပါ လာကြသည့် ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကာ အမှတ်တရလက် ဆောင်ပစ္စည်းများကို ပေးအပ်ကြပြီး ထွက်ခွာသွားသည့်ရထားတွင် စီးနင်းလိုက်ပါကြသည့် ခရီးသည်များအား လက်ပြနှုတ်ဆက်ကြ သည်။

အဆိုပါ ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်းခရီးစဉ်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ ရထားပြေးဆွဲရေးလုပ်ငန်းများကို ယာယီရပ်နားခဲ့ပြီး ယခုပြန်လည်ပြေးဆွဲ ပေးနိုင်ရေးအတွက် သံလမ်းတာဘောင် ရေတိုက်စားမှု ပြုပြင်ထိန်းသိမ်းခြင်း၊ ရာသီဥတုဒဏ်ကြောင့် မြေသား တာဘောင်နိမ့်ဆင်းသည့် ပေ ၄၀ အရှည်ဇောပူဂျာ တံတားအား ဘေလီတံတားထိုးပြုပြင်၍ ရထားပြေးဆွဲ နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်သည် စစ်တွေတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရေး၊ ရေချမ်းပြင်နှင့် စစ်တွေကြားရှိ ကျေးရွာများမှ ပြည်သူများဈေးရောင်းဈေးဝယ် အဆင်ပြေစေရေး၊ ပြည်တော်သာ (စစ်တွေ) မှ ရေချမ်းပြင်ကြားရှိ ကျေးရွာများသို့ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးတို့အတွက် ရထားအား ပြန်လည်ပြေးဆွဲပေးခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ရထားပြေးဆွဲရာတွင် RBE ရထားသည် ပြည်တော်သာဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ ရေချမ်းပြင် ဘူတာသို့ နံနက် ၈ နာရီတွင်လည်းကောင်း၊ ရေချမ်းပြင်ဘူတာမှ နံနက် ၁၀ နာရီတွင် ထွက်ခွာ၍ ပြည်တော်သာ ဘူတာသို့ နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ပြည်တော်သာဘူတာမှ မွန်းလွဲ ၂ နာရီပြန်လည်ထွက်ခွာ၍ ရေချမ်းပြင်ဘူတာသို့ နေ့လယ် ၃ နာရီတွင်လည်းကောင်း ရေချမ်းပြင် ဘူတာမှ ညနေ ၄ နာရီ ပြန်လည် ထွက်ခွာ၍ ပြည်တော်သာဘူတာသို့ ညနေ ၅ နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်သည်။

ရထားပြေးဆွဲခြင်းကို နေ့စဉ်အစုန်၊ အဆန်လေးခေါက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းတစ်လျှောက် တွင် စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ဇောပူဂျာဘူတာ၊ မယ်ဇလီဘူတာနှင့် ရေချမ်းပြင် ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

သတင်း - တင်ထွန်း

 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)