နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား


MNP ၊ မတ် ၁၀

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် အရေးကြီးသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး သင်တန်းသားများကို မှန်ကန်သည့် အယူအဆများ၊ တိကျပြတ်သားသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးနှင့် တိုင်းပြည်၏ ပကတိ အခြေအနေမှန်များကိုသိရှိကာ မှန်ကန်သည့် အတွေးအမြင်များ ရရှိစေရေးအတွက် နိုင်ငံ့အရေးကို ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စသည့် အမြင် ၄ မြင်ဖြင့် ထည့်သွင်းစဉ်းစား တွက်ချက်တတ်စေရန် ဆွေးနွေးပို့ချ ပေးလျက်ရှိကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။ 


အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများ တက်ရောက်ကြသည်။ 


ဆွေးနွေးလေ့ကျင့်ပို့ချနေ 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် သင်တန်းသားများကို အဆင့်မြင့်ရာထူးတာဝန်များ ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် အသိပညာများ ရရှိစေရန် ရည်ရွယ်သင်ကြား ပေးလျက်ရှိကြောင်း၊ အရာရှိကြီးများအနေဖြင့် အထက်မှပေးအပ်လာသည့် အမိန့်နှင့် တာဝန်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရသည် ရှိသကဲ့သို့ မိမိကိုယ်တိုင် ဦးဆောင်မှုဖြင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် လုပ်ဆောင်ရသည်များလည်း ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စသည့် အမြင် ၄ မြင်ဖြင့် ပြည့်စုံစွာ ထည့်သွင်းစဉ်းစား တွက်ချက်ဆောင်ရွက်နိုင်ခြင်း မရှိပါက နိုင်ငံတော်အတွက် လိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများတွင် တပ်မတော်သား အရာရှိကြီးများသာမက ဝန်ကြီးဌာနမှ အရာရှိကြီးများလည်း ပါဝင်ကြောင်း၊ ကာကွယ်ရေး တာဝန်တစ်ခုတည်းသာမက အုပ်ချုပ်ရေးပိုင်း တာဝန်များကိုလည်း ထမ်းဆောင်ရသည် ဖြစ်သည့်အတွက် အမြင် ၄ မြင်နှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံရေး လုပ်ဆောင်ရန်မဟုတ်ဘဲ နိုင်ငံ့အရေးတာဝန်များကို မှန်မှန်ကန်ကန် သိရှိ ထမ်းဆောင်နိုင်ရန် ဆွေးနွေးလေ့ကျင့် ပို့ချနေခြင်းပင်ဖြစ်ကြောင်းဖြင့် ဦးစွာ ပြောကြားသည်။ 


သမိုင်းကြောင်းရှိသည့် နိုင်ငံဖြစ် 


ထို့နောက် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနှင့် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ပြောကြားရာတွင် အမြင် ၄ မြင်တွင် နိုင်ငံရေးနှင့်ပတ်သက်၍ ပြောကြားရမည်ဆိုပါက မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့် သမိုင်းကြောင်းရှိသည့် နိုင်ငံဖြစ်ကြောင်း၊ ပုဂံခေတ်မတိုင်မီ ဘီစီ ၉၂၅ မှ အေဒီ ၉၄ ထိထင်ရှားခဲ့သည့် ပျူမြို့ပြနိုင်ငံများကို ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု သမိုင်းကြောင်း မြင့်မားခဲ့မှုကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မကြာသေးမီက ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့ပြီး ပျူခေတ်သမိုင်းကြောင်း အထောက်အထားများကို လေ့လာခဲ့ရကြောင်း၊ ပျူခေတ်ယဉ်ကျေးမှုများသည် သမိုင်းကြောင်း မြင့်မားသဖြင့် ပျူစာပေယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိနိုင်ငံ၏ သမိုင်းကြောင်းယဉ်ကျေးမှုကို သိရှိထိန်းသိမ်းမှသာလျှင် သမိုင်းကြောင်း အစဉ်အလာမြင့်မားခဲ့မှုကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တက္ကသိုလ်၌ ယခင်ကပင် ပျူစာပေလေ့လာသင်ကြားမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း။ 


အခြေပြုလျက် တည်ဆောက်နိုင်


ထိုခေတ်အခါက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းကြီးသုံးပါးသည် ဘုန်းလက်ရုံးကြီးမားခဲ့ပြီး နိုင်ငံတော်အား တည်ဆောက်ရာတွင် အင်အားကြီးမား၍ စွမ်းရည်ထက်မြက်သော တပ်မတော်များကို အခြေပြုလျက် တည်ထောင်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။ 


၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်မှ အစိုးရအဆက်ဆက်ကို ပိုင်းခြားကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်ထိ ဖဆပလ အစိုးရကာလ၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်ထိ အိမ်စောင့်အစိုးရကာလ၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ သန့်ရှင်းဖဆပလ အစိုးရ ကာလ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကာလ၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ တပ်မတော်အစိုးရကာလ၊ ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ ဒီမိုကရေစီအစိုးရကာလဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ယနေ့အချိန်အထိ ကာလကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက်ရလျက်ရှိကြောင်း။ 


အကျယ်တဝင့်ဆွေးနွေး 


၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြိုးပမ်းမှု ကာလအချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး ယင်းဥပဒေကို ၁၉၄၇ ခုနှစ်၌ တိုင်းပြုပြည်ပြု လွှတ်တော်တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ သတိပြုရမည်မှာ ပြည်သူလူထုတစ်ရပ်လုံး မဲပေးအတည်ပြုခဲ့သည့် ဥပဒေမဟုတ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတို့မှာ ပြည်သူလူထုတစ်ရပ်လုံးထံမှ ဆန္ဒမဲကောက်ခံ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများ ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှု အခြေအနေများ၊ ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ၊ တပ်မတော်အစိုးရလက်ထက်တွင် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ပေးခဲ့သည့် အခြေအနေများနှင့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းနှင့် ဒုတိယအစိုးရ သက်တမ်းကာလတို့တွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သမိုင်းကြောင်းများအား အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။ 


ဦးစားပေးအနေဖြင့် ဆောင်ရွက် 


ထို့နောက် နိုင်ငံရေးဆိုင်ရာအမြင်နှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပထမဆုံးလုပ်ငန်းစဉ်ဖြစ်သည့် မဲစာရင်းစစ်ဆေးခြင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးတွေ့ရှိသည့် မဲစာရင်းမသမာမှုများသည် တပ်မတော်မှ စစ်ဆေးတွေ့ရှိသည့် ရလာဒ်များထက်ပင် ပိုမိုများပြားနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အသက်ပင်ဖြစ်ကာ ရွေးကောက်ခံ ကိုယ်စားလှယ်များသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတာဝန်များကို ထမ်းဆောင်ရမည့်သူများကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ရွေးချယ်ပေးရမည့် သူများဖြစ်သည့်အတွက် ရိုးသားစွာဖြင့် အနိုင်ရရှိသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်ပြီး ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုရန် လိုအပ်မည်ဖြစ်ကြောင်း။ 


ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်းသည် သန်းခေါင်စာရင်းကို အခြေခံပြီး ကောက်ခံရခြင်းဖြစ်ပြီး ခေတ်အဆက်ဆက်တွင်လည်း ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်လည်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်သည့် ကမ္ဘာတွင် ခိုင်မာမှုအရှိဆုံးသော သန်းခေါင်စာရင်း ၁၀ နိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ စာရင်းသည် ၎င်းသန်းခေါင်စာရင်းကို အခြေခံ၍ပြုလုပ်ထားခြင်းဖြစ်ပြီး ၃၄ ဒသမ ၂၉ သန်းကျော်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူစာရင်း သည် ၃၈ ဒသမ ၂၇ သန်းကျော်အထိရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ သုံးသပ်ကြည့် မည်ဆိုပါက ၁၉၇၄ - ၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ၁ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်ကို လူဦးရေစာရင်းပညာရှင်များနှင့် ကျွမ်းကျင်သူများ၏ စနစ်တကျတွက်ချက်မှုအရ တွေ့ရှိရကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သည့် မဲပေးခွင့်ရှိသူ ၃၄ ဒသမ ၂၉ သန်းကို ၁ ရာခိုင်နှုန်းနှင့် တွက်မည်ဆိုပါက တစ်နှစ်လျင် ၃ ဒသမ ၄ သိန်းရှိမည်ဖြစ်ပြီး ၅ နှစ်ဆိုပါက ၁ ဒသမ ၇ သန်းရှိမည်ဖြစ်ကာ အလွန်ဆုံး ၂ သန်းသာ လူဦးရေးတိုးပွားမှု ရှိရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ကောက်ခံရရှိမှု မဲပေးခွင့်ရှိသူမှာ ၃၈ ဒသမ ၂၇ သန်းထိ ရှိနေသည်ကို မဖြစ်နိုင်ဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ Population pyramids တွင် ကြည့်မည်ဆိုပါကလည်း 2014 Census တွင် အသက် ၁၄ နှစ်မှ အသက် ၅၅ နှစ်အထိသည် ကွာဟမှု ကျဉ်းမြောင်းသည်ကို တွေ့ရှိရမည်ဖြစ်သဖြင့် တွက်ချက်မှုများအရ ၂၀၂၀ ပြည့်နှစ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈ ဒသမ ၂၇ သန်း ရှိသည်မှာ ဖြစ်နိုင်မည်မဟုတ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်း၊ ခိုင်မာသောသန်းခေါင်စာရင်းကို အခြေခံ၍ မဲစာရင်း ပြုစုခြင်းမဟုတ်သောကြောင့် ဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲစာရင်းများ ကြေညာရာတွင်လည်း စာရင်းကွဲလွဲမှုများဖြင့် အမျိုးမျိုး ကြေညာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိစေရေး မသမာသော နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမူ အခြေအနေများအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် နိုင်ငံတော်၏ တာဝန်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းဆောင်ရွက် ခဲ့ရခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။ 


ယင်းနောက် စီးပွားရေးဆိုင်ရာအမြင်နှင့် ပတ်သက်၍ စီးပွားရေးသည် နိုင်ငံတစ်နိုင်ငံ၏ အဓိက မောင်းနှင်အားပင်ဖြစ်သည့်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအစိုးရပထမ သက်တမ်းကာလတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သည်ဖြစ်သော်လည်း ကုန်သွယ်မှုလိုငွေများ ရှိခဲ့ကြောင်း၊ ဒုတိယအစိုးရ သက်တမ်းကာလတွင် GDP တိုးတက်မှုများ ကျဆင်းလာခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆၁ ဘီလီယံကျော်ထိ ရှိခဲ့ကြောင်း၊ ပထမသက်တမ်းနှင့် ဒုတိယအစိုးရသက်တမ်း ကာလ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ခဲ့ခြင်းမရှိဘဲ သွင်းကုန်ကို အဓိကထား လုပ်ဆောင်ခဲ့သောကြောင့် ကုန်သွယ်မှုလိုငွေ များပြားလာခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ ဒုတိယအစိုးရ သက်တမ်းကာလတွင် ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည့် ပြည်ပချေးငွေများဖြင့် ဆောင်ရွက်ထားရှိသည့် ပြည်တွင်း အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် အရေးပါသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ရပ်တန့်ပစ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် လုပ်ငန်းများ ရပ်တန့်သွားပြီး ချေးငွေ၊ အတိုး၊ အရင်းများ အလဟဿ ပေးဆပ်ခဲ့ရကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၌ စက်သုံးဆီ၊ စားသုံးဆီ အခြေခံဆောက်လုပ်ရေးပစ္စည်းများနှင့် ချည်ထည် ပစ္စည်းများကိုလည်း နှစ်စဉ်ဒေါ်လာ ဘီလီယံနှင့်ချီ၍ တင်သွင်းနေရသဖြင့် ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း။ 


လေ့လာအားထုတ်ရမည် 


စီးပွားရေးအမြင်သည် နိုင်ငံရေးအမြင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး စီးပွားရေးအားကို ကောင်းအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အေးချမ်းသာယာသည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာလျင် လူနေမှုဘဝ မြင့်မားလာမည်ဖြစ်သဖြင့် နိုင်ငံအတွက် စီးပွားရေးအမြင်များ တိုးတက်လာစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုများ မြင့်မားလာစေရန် လေ့လာအားထုတ်ရမည်ဖြစ်ကြောင်း။ 


ပညာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အတန်းပညာ တတ်မြောက်မှုရာခိုင်နှုန်း နည်းပါးသဖြင့် စာတတ်မြောက်မှုရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးသည့် နိုင်ငံတိုင်း ပညာရေးအဆင့်အတန်းမြင့်မားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြည်နယ်များတွင် ပညာရေးအားပေးမှု နည်းပါးသဖြင့် ပညာရေးအားပေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဘာသာစကားအခက်အခဲများ ရှိသည်ဖြစ်သော်လည်း နိုင်ငံတော်၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစကားကို တတ်မြောက်ရန်လိုကြောင်း၊ ပြည်သူမှ ရွေးခြယ်ထားသည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် အသိပညာ၊ အတတ်ပညာ ဖြင့်ပြည့်စုံသည့် လူစွမ်းအား အရင်းအမြစ်များ လိုအပ်မည်ဖြစ်ကြောင်း။ 


ခိုင်မာစွာလျှောက်လမ်းမည် 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေး လုပ်ငန်းစဉ် ၂ ခုအဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများနှင့် ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို မျှဝေခံစားသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် ပြည့်ထောင်စုနိုင်ငံကို သွားရမည်ဖြစ်ကြောင်း၊ တူညီသည့် အခွင့်အရေးများ ရရှိကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးဖြင့် ထိန်းသိမ်းဆောင်ရွက်ဖြစ်ကြောင်း၊ ကာကွယ်ရေး၌လည်း နိုင်ငံသားအားလုံးပါဝင်သည့် အမျိုးသားကာကွယ်ရေးစနစ်ကို ပုံဖော်ရမည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်သည့် ကျေးလက်ကိုအခြေခံသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းမည်ဖြစ်ကြောင်း။ 


သင်တန်းသား အရာရှိကြီးများအနေဖြင့် သင်တန်းဆင်းပြီးသည့်အချိန်တွင် ထမ်းဆောင်ရမည့်တာဝန်များကို အထောက်အကူဖြစ်စေရန်အတွက် ယခုကဲ့သို့ သမိုင်းကြောင်းများ၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်ချက်များကို အချိန်ယူ ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း၊ အမြင်ကျယ်ပြန့်စွာဖြင့် စဉ်းစားတွေးခေါ် လုပ်ဆောင်နိုင်ရေးအတွက် သမိုင်းကြောင်း နောက်ခံအကြောင်းအရာများကို သိရှိရန် လိုအပ်ပြီး နောက်ခံအကြောင်းအရာများကို မသိရှိပါက ရှေ့ဆက်လက် လုပ်ဆောင်ရမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်များကို မှန်ကန်စွာ ချမှတ်နိုင်မည် မဟုတ်သဖြင့် နောက်ခံသမိုင်း အကြောင်းအရာများကို သိရှိရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့် ကာကွယ်ရေးအမြင်များကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ် လုပ်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)