ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


MNP ၊ ဧပြီ ၂၂

AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force)ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးနှင့် အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။


တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တူညီဆန္ဒ (၅)ချက် အကောင်အထည် ဖော်ဆောင်ရန်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ စိတ်ရှည်သည်းခံမှု၊ နားလည်ပေးမှုနှင့် ခိုင်မာသော ထောက်ခံမှုကို မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅)ချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆန္ဒရှိပါကြောင်းနှင့် အသင့်ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် မြန်မာနိုင်ငံတို့အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကိစ္စ သက်သက်ကိုသာ အလေးထား လုပ်ဆောင်သင့်ကြောင်းနှင့် တူညီဆန္ဒ (၅)ချက်အား အကောင်အထည်ဖော် ဆောင်ရာတွင် လက်တွေ့ကျကျ လုပ်ဆောင်ရန် အထူးအလေးထားသင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မည်သူ့ကိုမျှ ချန်လှပ်မထားစေရေးမူဝါဒကို အလေးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အာဆီယံနှင့် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့် ဦးဆောင်ဦးရွက်ပြုမှုအားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဉ်နှင့် မူဘောင်နှင့်အညီသာ ဖြစ်သင့်ကြောင်း ပြောကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak က ခရီးစဉ်အတွက် စီစဉ်ထားရှိမှုများနှင့် အစည်းအဝေးများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို လေးစားပါကြောင်း၊ အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် ဆန္ဒမပါဘဲ မြန်မာနိုင်ငံအား ကူညီရန် ဖြစ်နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိပါကြောင်း ပြောကြားသည်။


ထို့ပြင်ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အလားတူ သမိုင်းနောက်ခံရှိသည့်အတွက် ပြည်တွင်းကိစ္စရပ်များ၏ ရှုပ်ထွေးမှုများကို နားလည်ပါကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံနှင့် မြန်မာ နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေသည့် နည်းလမ်းဖြင့် မြန်မာအား ကူညီရန်အသင့်ရှိပါကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် အာဆီယံ၏ အစည်းအဝေးတိုင်းတွင် အာဆီယံအဖွဲ့ဝင်အားလုံးပါဝင်သည့် အာဆီယံတစ်ပေါင်း တစ်စည်းတည်းဖြစ်မှုကို ပြန်လည်တည်ဆောက် လိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅)ချက်အား အကောင်အထည် ဖော်ဆောင်ရန်ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်နေမှုကို ပြသလိုကြောင်း ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)