ရမ်းဗြဲမြို့နယ်၌ နိုင်ငံတော်အစိုးရဘွဲ့တံဆိပ်တော်ရ ပညာတတ်မော်ကွန်းဝင် အပူဇော်ခံဆရာတော်(၉)ပါး ပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ နိုင်ငံတော်အစိုးရဘွဲ့တံဆိပ်တော်ရ ပညာတတ်မော်ကွန်းဝင် အပူဇော်ခံဆရာတော်(၉)ပါး ပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော်



MNP - ဧပြီ   ၂၃

နိုင်ငံတော်အစိုးရဘွဲ့တံဆိပ်တော်ရ ပညာတတ်မော်ကွန်းဝင် အပူဇော်ခံဆရာတော်(၉)ပါးတို့အား တိပိဋကရမ္မာဝတီ ဆရာတော် ဦးဆောင်၍ ရမ်းဗြဲမြို့နယ်၊ မကျေးကျွန်းမြောက် ကျောင်းဆိုင်ရာ ဒါယကာ၊ ဒါယိကာမတို့၏ စုပေါင်းဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကျည်းကျွန်းမြောက် ဘုန်းတော်ကြီးကျောင်း တိပိဋကဓမ္မဗိမာန်တော်၌ ကျင်းပရာ အပူဇော်ခံ ဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ပုလဲမြို့သစ်၊ တိပိဋကပုလဲရောင်ရှိန် စာသင်တိုက် ပဓာနနာယက ရမ္မာဝတီ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို အပူဇော်ခံဆရာတော်ကြီးများနှင့် ကြွရောက်တော်မူကြသော သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခြင်းကြပြီး ထူးမခြားနားဗုဒ္ဓရောင်ခြည်တော်ဖွင့် ဓမ္မဂီတဖြင့် ဗုဒ္ဓအားပူဇော်ကြသည်။

ဆက်လက်၍ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ရမ်းဗြဲမြို့နယ်၊ မကျေးကျေးရွာ၊ မကျည်းကျွန်းမြောက် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွက်ပွားချီးမြှင့်တော်မူကြသည်။

ယင်းနောက် ပဲခူးမင်းကျောင်းဆရာတော် ပါဠိပါရဂူ၊ ပိဋကတ္တယပါရဂူ၊ B.A ဘဒ္ဒန္တသူရိယက ဝမ်းမြောက်ဖွယ်ရာ သာရဏီယသြဝါဒကထာ ချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ပူဇော်ခံ ဆရာတော်များအား ရမ္မာဝတီတေးဂီတအဖွဲ့က တေးထပ်ဖြင့် လည်းကောင်း၊ ရတုပိုဒ်စုံဖြင့် လည်းကောင်း၊ ဂုဏပူဇာဂါထာပါဠိအနက်များဖြင့်လည်းကောင်း ပူဇော်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ တိပိဋကပုလဲရောင်ရှိန် စာသင်တိုက် ပဓာနနာယက ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြကာ ရမ်းဗြဲမြို့၊ ဗဟန္တောင် ကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဓမ္မသိရီထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။

ရမ်းဗြဲမြို့နယ်၊ မကျည်းကျွန်းမြောက် ဘုန်းတော်ကြီး ကျောင်းတိုက်၌ ဂုဏဝိသိဋ္ဌပူဇာပွဲတွင် မကျည်းမြောက် ဘုန်းတော်ကြီးကျောင်း ဆရာတော် သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သာသန၊ ပဲခူးမင်းကျောင်းဆရာတော် အစိုးရသာသနမဇာ သိရီပဝရ ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ပိဋကတ္တယပါရဂူ၊ B.A သထုံ၊ ဘဒ္ဒန္တသူရိယ၊ ရမ်းဗြဲမြို့၊ ဗဟန္တောင် ကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဓမ္မသိရီ၊ တောင်ကုတ်မြို့၊ ဂုဏ်ရှင်စာသင်တိုက် ဆရာတော် သ၊ စ၊ အ- ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဒေါက်တာ ဂုဏသာမီဘိဝံသ၊ နတ္တလင်း၊ ကျွန်းကလေးရွာ မဟာပဇ္ဇောတာရုံကျောင်း ဆရာတော်အစိုးရ ဓမ္မာစရိယ၊ ဘဒ္ဒန္တဣန္ဒာစာရ၊ မန္တလေးမြို့ တိပိဋကထိန်လင်းစာသင်တိုက် စာချဆရာတော်အစိုးရ ဓမ္မာစရိယ၊ ဘဒ္ဒန္တဝေဘပုလ္လ၊ လက်ပံတန်းမြို့နယ်၊ ရွာကလေးရွာ မဟာစေတျာရာမကျောင်း ဆရာတော်အစိုးရ ဓမ္မာစရိယ၊ MA-India ဘဒ္ဒန္တကုမာရ၊ ရန်ကုန်မြို့၊ တိပိဋကပုလဲရောင်ရှိန်စာသင်တိုက် စာချဆရာတော် အစိုးရ ဓမ္မာစရိယ၊MA-India ဘဒ္ဒန္တဝရသာမိနှင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ သာသနမာန်အောင် ကျောင်းတိုက် ဆရာတော် အစိုးရဓမ္မာစရိယ ဘဒ္ဒန္တပညိန္ဒသိရီတို့အား ဂုဏ်ပြုပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - တင်ထွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)