အမိနိုင်ငံ၏ အလံတော် လွှင့်ထူဂုဏ်ပြု ခံရခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလားကြသည်ဖြစ်သဖြင့် အားသွန်ခွန်စိုက် ကြိုးစားကြရန် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့များအား နိုင်ငံတော်ဝန်ကြီးချုပ် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမိနိုင်ငံ၏ အလံတော် လွှင့်ထူဂုဏ်ပြု ခံရခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလားကြသည်ဖြစ်သဖြင့် အားသွန်ခွန်စိုက် ကြိုးစားကြရန် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့များအား နိုင်ငံတော်ဝန်ကြီးချုပ် မှာကြား






MNP ၊ ဧပြီ ၂၉

ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jang Phange နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များက မိတ်ဆက်ဂါရဝပြုကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရန် (၁၄) ရက်သာ လိုတော့သည့်အတွက် အားကစားသမား မောင်၊ မယ် အားလုံးသည် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှုစသည့်အချက်များ ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာဖြင့် ပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေကြပြီဟု ယုံကြည်ပါကြောင်း၊ အားကစားအဖွဲ့များက အဆိုပြုသည့်အတိုင်း သတ်မှတ်စံချိန်များအတွင်း ကိုက်ညီသည့်အားကစားသမားများ၊ အစဉ်အလာရှိသည့် အားကစားများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါကြောင်း၊ သွားလာရေးကအစ အဆင်ပြေ အောင်လည်း ဆောင်ရွက်ပေးထားပါကြောင်း။


နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများအားလုံးက အားကစား မောင်၊ မယ် များ၏ ဇွဲ၊ သတ္တိ အပြည့်နှင့် ပွဲမဝင်ခင်အပြင်ကကျင်းပဆိုသကဲ့သို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်နေမှုများကိုလည်း ကြားသိမြင်တွေ့ခံစားခဲ့ရပြီး ဖြစ်သည့်အတွက် မိမိတို့၏အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီနှင့် အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်မှာကြားလိုကြောင်း၊ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ယခင်ကပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာအားကစားအဖွဲ့ ၏ အောင်မြင်မှု သမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်းတင်နိုင်မည် ဖြစ်ပါကြောင်း၊ အမိနိုင်ငံ၏ အလံတော် လွှင့်ထူဂုဏ်ပြု ခံရခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလားကြသည်ဖြစ်သဖြင့် အားသွန်ခွန်စိုက် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြိုင်ပွဲတွင် အောင်နိုင်ရေးအတွက် ယှဉ်ပြိုင်ခြင်းသည် ပြိုင်ပွဲများအတွက် နောက်ဆုံးအဆင့်ဖြစ်သည်ကို သတိပြုစေလိုကြောင်း။


အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအားကစား အဖွဲ့ဝင်အားလုံး၏ ပုခုံးထက်တွင် ရှိနေသည်ကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း။


နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် အဖက်ဖက်တွင် ရင်ဘောင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ်ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင်အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျအစီအမံများ ချမှတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။


နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည့် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း အသက် (၆၀) ပြည့်မြောက်သည့်အချိန်မှစပြီး သက်ရှိထင်ရှား ရှိသမျှကာလပတ်လုံး လစဉ် ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိသကဲ့သို့ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင်လည်း အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား (၁၂)ဦးနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၅)ခုနှင့် အထက် ရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ အနက်မှ (၂၄) ဦးကို လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အားကစားသမားများကိုလည်း ဆက်လက်ပြီး စိစစ်ခွင့်ပြုသွားမှာဖြစ်သကဲ့သို့ ယခုပြိုင်ပွဲ တွင်လည်း နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးကြမည့် အားကစား မောင်၊ မယ် များအနေဖြင့် လည်း အလားတူ အခွင့်အရေးများ ရရှိကြလာမည်ဖြစ်ကြောင်း။


ထို့အပြင် ယခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ၏ ကိုယ်စားသွားရောက်ယှဉ်ပြိုင်မည့် အားကစားမောင်၊ မယ်များကိုလည်း ကြိုးစားမှုရလဒ်များ အပေါ်မူတည်ပြီး နိုင်ငံတော်အနေဖြင့် ဆုရအားကစားသမားများအတွက် ရွှေတစ်ဦးချင်း ငွေကျပ်သိန်း ၃၀၀၊ ငွေတစ်ဦးချင်း ငွေကျပ်သိန်း ၂၀၀၊ ကြေးတစ်ဦးချင်း ငွေကျပ် သိန်း ၁၀၀၊ ရွှေအသင်းလိုက်တစ်ဦးချင်းငွေကျပ်သိန်း ၁၀၀၊ ငွေအသင်းလိုက်တစ်ဦး ချင်း ငွေကျပ်သိန်း ၇၀၊ ကြေးအသင်းလိုက်တစ်ဦးချင်း ငွေကျပ် ၃၅ သိန်း၊ နည်းပြများ အတွက် ရွှေတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀။


ငွေတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ် ဆုရအားကစား နည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၊ အုပ်ချုပ်မှုအဖွဲ့များအတွက် ရွှေတံဆိပ်ဆုရ အားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ဆုရအားကစားနည်းမှ အားကစားနည်းမှအုပ်ချုပ်မှုအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ် သိန်း ၅၀၊ ကြေးတံဆိပ်ဆုရအားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ် သိန်း ၃၀ တို့အား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း။


ထို့ကြောင့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို အပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အလံတော် ဂုဏ်ဒြပ်နှင့် အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြု နေသည် ဟူသည့် ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်အောင်လံ တလူလူလွင့်ပျံနေရစေရေး ရေကုန်ရေခမ်းအစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွား ကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း။


ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးတာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီးဖြစ်သည့်အတွက် မြန်မာ့အားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလိုပါ ကြောင်း။


(၃၁) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို ယခုကဲ့သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် အဖက်ဖက်မှကူညီအားပေးခဲ့ကြသည့် အဖွဲ့ချုပ်များ အပါအဝင်အားလုံးကို နိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း။


မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ကိုမြှင့်တင် နိုင်ရေးဟူသည့် အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခမ်းကြိုးပမ်း ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့စရိုက် အစဉ်အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်သွားကြရ မည်ဖြစ်ကြောင်း၊ အနိုင်မခံ အရှုံးမပေးသည့် ကြံ့ခိုင်စိတ်ဓာတ်၊ မလျှော့သောဇွဲ၊ လုံ့လဖြင့် ရင်ဆိုင် ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရမည်ဖြစ်ကြောင်း၊ အားကစားနှင့် တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် အားကစား သူရဲကောင်း မောင်၊ မယ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေး စွမ်းဆောင်သွားကြရမည်ဖြစ် ကြောင်းဖြင့် အလေးအနက် တိုက်တွန်းမှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းတင်းတင်ပြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများနှင့် နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် လက်ရွေးစင်အားကစား သမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အားကစားနည်းများအလိုက် အားကစားပြိုင်ပွဲများတွင်အသုံးပြုမည့် ပြိုင်ပွဲဝင်ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။


(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၂၉၃ ဦးသည် အားကစားနည်း (၂၀)၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)