မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - ဧပြီ   ၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ‌ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးအတွက် ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပျူမြို့ဟောင်း(၃) မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်ခဲ့ပါကြောင်း၊ တတိယအနေဖြင့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြောက်ဦးဒေသည်  ထူးခြားပြောင်မြောက်သည့် အနုပညာဗိသုကာလက်ရာများနှင့် ရခိုင်တစ်မျိုးသားလုံး၏ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းတာဝန်ယူ ထိန်းသိမ်းခဲ့သော ယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခုဖြစ်ပါကြောင်း၊ မြောက်ဦး အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုး (Outstanding Universal Values) OUV နှင့်အတူ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းကာ ကွယ်စောင့် ရှောက်ခြင်း၊ အမွေအနှစ်၏တန်ဖိုး စစ်မှန်ခြင်းဟူသော ဂုဏ်ရည်နှင့်လက္ခဏာတို့ မပျောက်ပျက်၊ မလျော့ကျရအောင် ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း၊  ယဉ်ကျေးမှုအမွေအနှစ်၏ တန်ဖိုး ကို ထိခိုက်မှုမရှိစေဘဲ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း အမှိုက်များစနစ် တကျစွန့်ပစ်ရေး၊ ရေမြောင်းများနှင့် မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမရှိစေရေး၊ ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သူများမရှိစေရေး၊ စနစ်တကျစာရင်း ကောက်ယူမှတ်တမ်းပြုစုပြီး ယခုထက်ပို၍ ထပ်မံကျူးကျော်ဝင်ရောက်မှုမရှိစေရေး ဌာနဆိုင်ရာများ၊ ဒေသခံများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူအခြေပြု လူမှုအဖွဲ့အစည်းများ (CSO) များ၊ မြောက်ဦး Heritage trust စသည့်အဖွဲ့များမှ ပူးပေါင်း၍ ပညာပေးဆွေးနွေးပွဲများ စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက မြောက်ဦးဒေသကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးဆောင်ရွက်ချက်များ၊ ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လုပ်ငန်းအကောင်အထည် ဖော်ရေးကော်မတီ (လျာထား) ဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီ (လျာထား) ဒုဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးတို့က မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်း ဝင်ရောက်ရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ များနှင့် ကျွမ်းကျင်သူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ကံထွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)