ဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် သစ်စိမ်းမြေဩဇာ လက်တွေ့ကြဲပက် စိုက်ပျိုးခြင်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် သစ်စိမ်းမြေဩဇာ လက်တွေ့ကြဲပက် စိုက်ပျိုးခြင်းများ ကွင်းဆင်းဆောင်ရွက်

 


MNP - ဧပြီ   ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ နမ်ခမ်ကျေးရွာတွင် ဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း အကျိုး‌ကျေးဇူးများ‌ ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်ကောင်းမျိုးစပါး ဆင်းဧကရီ-၃ မျိုးပြောင်းလဲ စိုက်ပျိုးခြင်းနှင့် စိုက်စနစ်ပြောင်းလဲ စိုက်ပျိုးခြင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်၍ အသုံးပြုခြင်း၊ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်း၊ စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် ပျိုးသက် (၁၈)ရက်မှ (၂၀)ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ ပေါင်းရှင်းခြင်း စသည့် အချက်များအား ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ မချမ်းဘော့မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျ ရောစပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနား တက်ရောက်လာသည့် တောင်သူများက သိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးကြရာ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကာ စိုက်ပျိုးရေးဝန်ထမ်းများက ဒေသဝမ်းစာ ဖူလုံရေးအတွက် မျိုးပြောင်းလဲစိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် လက်ကမ်းစာစောင်များအား တောင်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် ခရိုင်ဦးစီးမှူးက တောင်သူများ၏ လယ်မြေတွင် မြေဆီလွှာအာဟာရ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး၍ တစ်လခွဲသားတွင် ထယ်ထိုးမြေမြှပ်ခြင်းအားဖြင့် မြေဆီဩဇာထက်သန်စေပြီး စပါးအထွက်နှုန်း တိုးတက်လာစေကြောင်းနှင့် မြေဆီ လွှာထိန်းသိမ်းမှု အခြေအနေ တိုးတက်လာစေနိုင်ကြောင်း ဆွေးနွေးဟောပြောပြီး ခရိုင်ဦးစီးမှူး ဦးမြင့်ထွေး၊ မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ တောင်သူများက မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာ ထီနွန်ကွင်းရှိ တောင်သူ ဦးခေါ့ခွန်ခင်နှင့် ဦးချန်းခင်တို့၏ လယ်မြေ(၁၀)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) လက်တွေ့ကြဲပက် စိုက်ပျိုးခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ဖုန်ကန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)