ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုကို အားပေးကြည့်ရှုပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုကို အားပေးကြည့်ရှုပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်





MNP - ဧပြီ   ၂၆

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၌ ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ ပမ္မတီးရပ်ကွက်နေ ပြည်သူများအား ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကူညီမှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးခြင်းကို ရပ်ကွက်နေ ပြည်သူအားလုံး ကျန်ရှိမှုမရှိစေရေး စိစစ်ထိုးနှံပေးရန်လိုကြောင်း မှာကြားပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်သို့ သွားရောက်ပြီး ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ မေလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်နိုငရေး စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်အတွင်း ပါမောက္ခများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဆရာ၊ ဆရာများနှင့် တွေ့ဆုံကာ တက္ကသိုလ်အတွင်း သင်ကြားရေးလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၆ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်အနေဖြင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဝန်ကြီးဌာန (၁၃)ခုတို့အတွက် ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဒေသန္တရစီမံကိန်း၏ ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည့် အဖွဲ့အစည်းများ၊ ဌာနဆိုငရာများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို စီမံကိန်းရည်မှန်းချက်အတိုင်း ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်အတွင်းရှိ ခရိုင် ၄ ခရိုင်မှ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌများဖြစ်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံ တာဝန်ပေးအပ်သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များပါ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)