မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ ဧပြီ ၂၈

မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် ၅၈ ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၁)နှင့် ဒုတိယဥက္ကဋ္ဌ(၂)တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တောမီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်ကိုလည်းကောင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သဘာဝတောနှင့် သစ်တောစိုက်ခင်းများ တောမီးအန္တရာယ် လျော့နည်းရေး ဆောင်ရွက်မှုကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြသည်။


အဆိုပါအစည်းအဝေးသည် မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးယန္တရားတစ်ရပ် ထူထောင်နိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တောမီးအန္တရာယ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းနယ်ပယ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် တောမီးများ လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကို ထိရောက်စွာ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။


အစည်းအဝေးတွင် မြန်မာနှင့်တရုတ် နှစ်နိုင်ငံနယ်စပ်အကြား မီးလောင်ကွက်များ ပျံ့နှံ့မှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်မှု၊ ဘက်စုံပါဝင်သော အမျိုးသားအဆင့် မီးစီမံအုပ်ချုပ်မှုဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းအစီအစဉ် ရေးဆွဲဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ အာဆီယံ သဘောတူညီချက်အပေါ် ပူးပေါင်းဆောင်ရွက်မှု၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းကြောင့် တောမီးလောင်ကျွမ်းခြင်းကို ကာကွယ်နိုင်ရေးအတွက် ကုန်းမြင့်လယ်ယာစိုက်ပျိုးခြင်းစနစ် တိုးမြှင့်ဆောင်ရွက်မှု၊ တောမီးလောင်ကျွမ်းမှုအန္တရာယ် လျော့ချရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မှုတို့ကို ဆွေးနွေးကြပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လေ့လာဆန်းစစ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ တောမီးကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်သတိပေးရေး၊ တောမီးလောင်ကျွမ်းမှု လျှော့ချရေး၊ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နိုင်ငံအတွင်း တောမီးကာကွယ်ရေးဆိုင်ရာ ဘက်စုံပါဝင်သော အမျိုးသားအဆင့်လုပ်ငန်း အစီအစဉ်ကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)