မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား (မြန်မာဘက်ခြမ်း)မုခ်ဦးတွင် မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား (မြန်မာဘက်ခြမ်း)မုခ်ဦးတွင် မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ





MNP ၊ ဧပြီ ၂၄

မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း)မုခ်ဦးတွင် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်က မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အဦ ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲဝင်းနိုင် ဦးစီးသောအဖွဲ့မှ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် မြဝတီမြို့တွင်းဘက်မှ အမှတ်(၁) ချစ်ကြည်ရေးတံတားဘက်သို့ ဦးတည်လျက် ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း) ဝန်းတံခါးအား ယာဉ်အမျိုးစားစိစစ်ဆဲ (ယာဉ်မောင်းမပါ)ဖြင့် ဝင်ရောက်တိုက်ခိုက်ကာ အဆိုပါယာဉ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ဒုရဲအုပ် ရဲဝင်းနိုင်တွင် ယာနားထင်၊ နဖူးတို့တွင် မီးလောင်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ နာကျင်ဒဏ်ရာ၊ ဝဲယာ လက်ဖမိုး၊ လက်ဖဝါး၊ တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ၊ ဝဲရာလက်ဖျံမီး လောင်ဒဏ်ရာ၊ ဝဲယာဒူး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ရဲဒုတပ်ကြပ် ဝင်းသိန်းဦးတွင် ဝဲလက်ဖျံ တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိသွားခဲ့သဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်အမျိုးအစား(စိစစ်ဆဲ)မှာ ယာဉ်တစ်စီးလုံး မီးလောင်ပျက်ဆီးသွားခဲ့ပြီး တံတားဘေးအနီး ရပ်ထားသော ယာဉ်တစ်စီး မီးလောင်ပျက်ဆီးသွားခဲ့သဖြင့် မီးသတ်ယာဉ် (၂)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ ချစ်ကြည်ရေးတံတား(၁) အဝင်တံခါး အဆောက်အဦအမိုး၊ လဝကစစ်ဆေးရေးရုံး အဆောက်အဦတို့ ပျက်ဆီးသွားခဲ့ကာ တံတားဝဲဘက်ခြမ်းရှိ နေအိမ်အဆောက်အဦ ပြတင်းတံခါးမှန်များ ပျက်ဆီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စိစစ်ဆဲဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမင်းသူ ဦးစီးသောအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းဇော် ဦးစီးသောအဖွဲ့၊ ရှေ့တန်းအမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှ ဗိုလ်ကောင်းခန့်ဟိန်း ဦးစီးသောအဖွဲ့တို့မှ စစ်ဆေးလျက်ရှိပြီး ယာဉ်ဖြင့်ဖောက်ခွဲ ဖျက်ဆီးခဲ့သူအား ဖမ်းဆီးရမိရေးအတွက် အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ထိန်လင်းအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)