လျှပ်စစ်ဓာတ်အားကို (၂၀၃၀)ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျေးလက်နေပြည်သူများ ရရှိသုံးစွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်ဓာတ်အားကို (၂၀၃၀)ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျေးလက်နေပြည်သူများ ရရှိသုံးစွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည်


MNP - ဧပြီ    ၅

မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးတွင် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးလင်းရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကိုအသုံးပြုပြီး (၂၀၃၀)ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျေးလက်နေပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းကတော့ နိုင်ငံတော်ရဲ့ (၂၀၃၀)မှာ တစ်နိုင်ငံလုံးလျှပ်စစ်မီး ရရှိရေး မျှော်မှန်းချက်အပေါ်မူတည်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ယူပြီး ဆောင်ရွက်နေပါတယ်။ လျှပ်စစ်ဓာတ်အားလုပ်ငန်းရဲ့ မဟာဓာတ်အားလိုင်းနဲ့ (၁၀)မိုင်ပြင်ပဝေးတဲ့ ကျေးရွာ တွေ၊ နောင်(၁၀)နှစ် (၁၅)နှစ်အတွင်းမှာ မီးမရနိုင်တဲ့ရွာတွေမှာ ကျေးလက်မီးလင်းရေးလုပ်ငန်း တွေကိုဆောင်ရွက်နေပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး(နည်းပညာ) ဦးအောင်ကျော်ဦးက ပြောသည်။

ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းကို အိမ်ခြေနည်းပြီး အိမ်ခြေကျဲသည့်ကျေးရွာတွင် တစ်အိမ် သုံး ဆိုလာစနစ်ဖြင့်လည်းကောင်း၊ အိမ်ခြေစိပ်၍ မီးသုံးစွဲသည့်မှုများသည့် ကျေးရွာများတွင် အသေးစားဓာတ်အားပေးရေးလုပ်ငန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်း အင်ဖြင့်လည်းကောင်း စနစ်(၂)မျိုးဖြင့် မီးလင်းရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့် (၂၀၁၆-၁၇)ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းဖြင့် (၂၀၁၆-၁၇)ဘဏ္ဍာရေးနှစ်မှ (၂၀၂၀-၂၁)ဘဏ္ဍာရေးနှစ်ထိ (၅)နှစ်တာကာလ အတွင်း နိုင်ငံတစ်ဝှမ်းတွင် အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးကို ကျေးရွာပေါင်း (၉၀၀၀) ကျော်၊ အသေးစားဓာတ်အားပေးစနစ်ဖြင့် စီမံကိန်းလုပ်ငန်းပေါင်း(၁၂၁)ခုဖြင့် ကျေးရွာပေါင်း (၁၅၄) ရွာတွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ ကျေးလက်နေ အိမ်ထောင်စု(၄)သိန်းခွဲခန့်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း(၁၃၀၀)ကျော် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်၍ မဟာဓာတ်အားလိုင်းပြင်ပ ဧရိယာ(၃၅.၂)ရာခိုင်နှုန်း လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လုပ်ငန်းပမာဏ များပြားကျယ်ပြန့်သည့် အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ တစ်ခုတည်းဖြင့်သာမဟုတ်ဘဲ ပြည်နယ်/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများဖြင့်လည်း လျာထားဆောင်ရွက်နိုင်မည်ဆိုလျှင် ထိရောက်မှုပိုမိုမြန်ဆန်မှာဖြစ် ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ကျေးရွာပြည်သူများဘက်မှလည်း မိမိတို့လိုက်နာရမည့်အချက်များ လိုက်နာဆောင်ရွက်ပေးကြရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှလည်း ပြည်သူလူထုအတွက် စဉ်ဆက်မပြတ်စောင့်ကြည့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း” ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမောင်ဝင်းက ကျွန်းစုမြို့နယ် ရေကန်အော်ကျေးရွာ ဆိုလာအသေးစားဓာတ်ပေးစနစ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းဖြင့် ပြည်သူ များ လျှပ်စစ်မီးရရှိအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့သည့် တစ်အိမ်သုံး ဆိုလာစနစ်၌ (60)W အသုံးပြုနိုင်သည့် ဆိုလာမီးတွင် ပြည်သူမှ (၅၀၀၀၀)ကျပ်နှင့် (100)W အသုံးပြုနိုင်သည့် ဆိုလာမီးတွင် ပြည်သူမှ ကျပ်တစ်သိန်းခွဲကျခံရပြီး ကျန်သည့်ငွေပမာဏများကို နိုင်ငံတော်မှအကုန်ကျခံ၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အိမ်သုံးဆိုလာစနစ် ရယူသည့်ကျေးရွာများ၌ အများပြည်သူနှင့်သက်ဆိုင်သော စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် လမ်းမီးများကို အခမဲ့တပ်ဆင်ပေးကြောင်း၊ ထို့အတူ အသေးစား ဓာတ်အားပေးစနစ်၌ စီမံကိန်းကုန်ကျငွေ စုစု ပေါင်း၏ (၆၀)ရာခိုင်နှုန်းကို နိုင်ငံတော်မှ အကုန်ကျခံ၍ ဆောင်ရွက်ပေးပြီး ကုမ္ပဏီမှ (၂၀) ရာခိုင် နှုန်းနှင့် ပြည်သူလူထုမှ (၂၀)ရာခိုင်နှုန်းကျခံ၍ အသုံးပြုလျက်ရှိကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်သည် မဟာဓာတ်အားလိုင်းဖြင့် လျှပ်စစ်မီးမရရှိသည့် ဒေသဖြစ် သည့်အတွက် ကျေးလက်ပြည်သူများအတွက် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးကို  ကျေးရွာ စုစုပေါင်း(၂၂၈)ရွာနှင့် အသေးစားဓာတ်အားပေးစနစ်ဖြင့် ကျေးရွာ(၂၅)ရွာတွင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ လျှပ်စစ်မီးတပ်ဆင်ပြီး စီးခဲ့သည့် ကျေးရွာများတွင်  ဒေသခံပြည်သူများမှ  လျှပ်စစ်မီး ကို မြို့ပြနှင့်တန်းတူ (၂၄)နာရီ လျှပ်စစ်မီးသုံးစွဲနေ ကြပြီဖြစ်ကြောင်း၊ မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်ပြင်ပဝေးသည့် ကျေးရွာများနှင့် လာမည့်(၁၀)နှစ်၊ (၁၅)နှစ် အတွင်းတွင် လျှပ်စစ်မီးမရနိုင်၍ ကျေးရွာများမှ လျှပ်စစ်မီးအသုံးပြုနိုင်ရန်  ပြည်သူများမှ အဆိုပြုလွှာများပေးပို့သည့် ကျေးရွာများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစားပေးအစီအစဉ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း - ခိုင်ထူး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)