သင်္ကြန်ကာလ ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုကြောင့် ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ကြန်ကာလ ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုကြောင့် ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများ အဆင်ပြေ


MNP ၊ ဧပြီ ၂၃

မြန်မာ့နှစ်ကူးကာလ  ရက်ရှည်ရုံးပိတ်ခဲ့ရာ  ပင်လယ်ကမ်းခြေ များ၌ ပြည်တွင်းခရီးသွားများ၏  အပန်းဖြေခရီးစဉ်များဖြင့် စည်ကားခဲ့သည့်နည်းတူ ပုဂံဒေသတွင်လည်း ခရီးသွားများဝင်ရောက် ခဲ့မှုကြောင့် ဒေသခံတို့၏စီးပွားရေးလုပ်ငန်းများ   အဆင်ပြေခဲ့ကြောင်း သိရသည်။

မြန်မာ့ခရီးသွားရာသီ၏ နောက်ဆုံးလဖြစ်သော ဧပြီလတွင် ပုဂံ ဒေသခံတို့ အမျှော်လင့်ဆုံးအချိန်မှာ မြန်မာ့နှစ်ကူးသင်္ကြန်အချိန်အခါဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သင်္ကြန်ပွဲများ မကျင်းပနိုင်ခဲ့သည်မှာ နှစ်နှစ်တိုင်ခဲ့သည်။ ယခုနှစ်တွင် အများပြည်သူ စိတ်အေးချမ်းမှုရရှိစေရန် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတော်က ခွင့်ပြုခဲ့၍  ၂၀၁၉ ခုနှစ် သင်္ကြန် ကာလထက် ခရီးသွားများပိုမိုဝင်ရောက်ခဲ့မှုကြောင့်  ပုဂံတွင်ဘုရားဖူး များဖြင့် စည်ကားခဲ့သည်။ ဟိုတယ်၊ တည်းခိုခန်း၊ ဒေသထွက်ကုန်မျိုးစုံ ဈေးတန်းများ၊ အဝတ်အထည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် ဒေသထွက် မုန့်ဆိုင်များ  အထူး အရောင်းအဝယ်ကောင်းခဲ့ပြီး  လက်ဆွဲပန်းချီ၊ သစ်ပင်ချိတ်ရုပ်သေး ဆိုင်များ၊ မြင်းလှည်း၊ သုံးဘီး၊ လျှပ်စစ်ဆိုင်ကယ်နှင့်  ခရီးသွားပို့ဆောင်ရေးလုပ်ငန်းများ  အဆင်ပြေခဲ့သည်။

“သင်္ကြန်ကာလမှာ မြင်းကပါဘုရားကို လာဖူးတဲ့ဘုရားဖူးဧည့်သည် တစ်ရက် ၄၀၀၀ ကျော်ကနေ ၇၀၀၀ ကျော်ထိရှိတယ်။ ဒီနှစ်မှာ လုံးဝ မထင်ထားတဲ့ ခရီးသွားသင်္ကြန်လို့ ပြောရမှာပါ။  ကိုဗစ်-၁၉ ရောဂါ မတိုင်မီ သင်္ကြန်ကာလထက်  ထူးထူးခြားခြား စည်ကားခဲ့တယ်လို့ ဆိုရမယ်။  

ပြည်တွင်း ပြည်ပခရီးသွား မျှော်ရတဲ့ဒေသဆိုတော့ ဧပြီ ၁၂ ရက် ကစပြီး ခရီးသွားစည်ကားခဲ့တာ ဒီနေ့ထိ ခရီးသွားတွေရှိနေသေးတယ်။  ဒီလဟာ  ခရီးသွား ရာသီနောက်ဆုံးလဖြစ်တဲ့အတွက်   နှစ်နှစ်ကျော် ခရီးသွားတိတ်ဆိတ်ခဲ့တဲ့ပုဂံဟာ သင်္ကြန်ကာလမှာ ဈေးရောင်းဈေးဝယ်အကောင်းဆုံး ဖြစ်ခဲ့လို့ ဒေသခံတွေ ဝမ်းသာနေကြတယ်။ အားလုံးအလုပ်ဖြစ်တယ်။ ကိုဗစ်ကာလ စီးပွားရေး ကျပ်တည်းနေချိန်မှာ အခုလို မထင်မှတ်ဘဲ စီးပွားရေးအခွင့်အလမ်းရရှိတာ မြင်တွေ့ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်းတွေ ဖွင့်ပြီဆိုတော့ နိုင်ငံတကာခရီးသွား တွေကို ကျွန်တော်တို့ ပုဂံဒေသက လက်ကမ်းလို့ကြိုနေပါတယ်” ဟု မြင်းကပါဘုရား  ဂေါပက အဖွဲ့အတွင်းရေးမှူး ဦးတင်လှဦးက ပြောသည်။

သင်္ကြန်ကာလတွင် ပုဂံဒေသ၌  ဖွင့်လှစ်ထားသော ဟိုတယ်နှင့် တည်းခိုခန်းများ  ပြည့်ခဲ့ပြီး ဘုန်းကြီး ကျောင်းများနှင့်  နေအိမ်အချို့တွင် တည်းခိုရသည်အထိ ခရီးသွားဝင်ရောက်မှုစည်ကားခဲ့ကာ သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ တစ်ရက်လျှင် ခရီးသွားသိန်းချီ၍ ပုဂံဘုရားများသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“သင်္ကြန်ကာလအကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်းတစ်ရက်နေ့ ခရီးသွားအများဆုံးပဲ။ ဒီနှစ် ခရီးသွားများလိမ့်မယ်လို့ ဘယ်သူမှမထင်ထားကြ ဘူး။  ဘုရားနားကဈေးတန်းတွေ၊ အဝတ်အထည်နဲ့ ဒေသထွက်ကုန်ဆိုင်တွေဆိုရင် တစ်ရက်ကို သိန်းဆယ်ချီပြီး ရောင်းရတာ။ ကျွန်တော်တို့ လက်ပန်း ချီဆိုရင်လည်း မနားရဘူး။   နေ့စဉ်ဝင်ငွေသိန်းချီဝင်တယ်။ နိုင်ငံခြားသားတွေလည်း လာတယ်၊ နည်းတော့နည်းတယ်။  သင်္ကြန်ကာလမှာ လုံးဝမထင်ထားတဲ့ စီးပွားရေးအခွင့်အလမ်းတစ်ခု ပုဂံဒေသခံတွေ ရခဲ့တယ်လို့ဆိုရမှာပါ။ ခရီးသွားကိုမျှော်ပြီး လုပ်ကိုင်စားရတဲ့ဒေသဆိုတော့ သူတို့ လာမယ်လို့ အသံကြား ရတာနဲ့ ပျော်နေကြတာဗျ။ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်တွေ စုဝေးနေတဲ့ ပုဂံဒေသအနေနဲ့ ပြည်တွင်းပြည်ပခရီးသွားများကို ထာဝရကြိုဆိုနေပါတယ်” ဟု မြင်းကပါဘုရားအနီးမှ လက်ဆွဲပန်းချီ ရေးဆွဲသော ဦးဇေယျာသန်းက ပြောသည်။


သတင်း - ညိမ်းသူ ၊ ဓာတ်ပုံ - ကနူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)