မုံရွာခရိုင်အတွင်းရှိ မြေအောက်ရေတွင်းများအား ဆိုလာစနစ်ဖြင့် တပ်ဆင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင်အတွင်းရှိ မြေအောက်ရေတွင်းများအား ဆိုလာစနစ်ဖြင့် တပ်ဆင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 


MNP - ဧပြီ   ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မုံရွာခရိုင်အတွင်းရှိ မြေအောက် ရေတွင်းများအား ဆိုလာစနစ်ဖြင့် တပ်ဆင် အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အဆိုပါရုံးတွင် ကျင်းပရာ  တိုင်းဒေသကြီး ဦးစီးမှူး(ရေအရင်းအမြစ်)၊ ခရိုင်ဦးစီးမှူး(ရေအရင်းအမြစ်)၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင် လျှပ်စစ်စက်ပိုင်းတာဝန်ခံများ၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ (မြေ၊မျိုး၊ပိုး)တာဝန်ခံများနှင့် ဝန်ထမ်းများ၊ မုံရွာခရိုင် အတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး ဦးချိုလတ် က မုံရွာခရိုင်အတွင်းရှိ မြေအောက်ရေ လျှပ်စစ် စက်ဝိုင်း ၄ ခုရှိသည့် အနက်မှ တောင်သူများ အဓိက စိုက်ပျိုးသည့်သီးနှံများ ရေလိုအပ်ချိန်တွင် အချိန်မီရေပေးသွင်းနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလျော့ချပြီး ဆိုလာစံနစ်ဖြင့် အစားထိုး တပ်ဆင် အသုံးပြုရန်အတွက် စက်ရေတွင်း ၂၀ အား သင့်တော်နေရာများကို မိတ်ဖက်ဌာန ၂ ခုပေါင်းစပ်ညှိနှိုင်း ရွေးချယ်နိုင်ရေးကို အလေးထားခေါ်ယူကာ အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ မိမိတို့ ခရိုင်အတွင်းမှာ မြေအောက်ရေ စက်ရေတွင်း ၁၄၁ တွင်းရှိသည့်အနက် စက်ရေတွင်း ၂၀ အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းများကို လျှင်မြန်စွာ ပြီးစီးရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးအကြံပြု ဆွေးနွေးမှုများအပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး က ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ လျှပ်စစ်စက်ဝိုင်း ၁ တွင် ၃ တွင်း၊ လျှပ်စစ်စက်ဝိုင်း ၂ တွင် ၃ တွင်း၊ လျှပ်စစ်စက်ဝိုင်း ၃ တွင် ၄ တွင်း၊ လျှပ်စစ်စက်ဝိုင်း ၄ တွင် ၈ တွင်း၊ သုနေသနခြံ တွင် ၁ တွင်း နှင့် တိုင်းဒေသကြီး မြေ၊မျိုး၊ပိုး ဓာတ်ခွဲခန်း ဝန်းအတွင်း ၁ တွင်း စုစုပေါင်း  စက်ရေတွင်း ၂၀ တွင်းအား ဆိုလာစနစ်ဖြင့် အစားထိုးတပ်ဆင်အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)