ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု




MNP - ဧပြီ   ၂၂


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၁ ရက်နေ့ လယ်ပိုင်းနေ့က တောင်ကုတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် ကျေးရွာများသို့ ရေဖြန့်ဝေပေးလျက်ရှိသော ဝက်ကျိတ်ဆည်အားသွားရောက် ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အင်ဂျင်နီယာတို့က ဆည်အတွင်း ရေသိုလှောင် နိုင်မှုအခြေအနေ၊ ဆည်ကြံ့ခိုင်မှုအခြေအနေ၊ တာဘောင်ပြုပြင်ရန် လိုအပ်မှုအခြေအနေနှင့် မြို့ပေါ်ရပ် ကွက်များနှင့် ကျေးရွာ များသို့ ရေဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကုတ်မြို့နယ် မှိုဟင်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲ ကျောင်းခြံစည်းရိုး အုတ်တတံတိုင်း ကာရံပြီးစီးမှုအားလည်းကောင်း၊ ဝတ်ကျိတ် ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း ခြံစည်းရိုးကာရံပြီးစီးမှုအားလည်းကောင်း၊ ဝဲကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ခြံစည်းရိုး ကာရံပြီးစီးမှုအားလည်းကောင်း၊ တောင်ကုတ်မြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ခြံစည်းရိုးကာရံပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။


ညနေပိုင်းတွင်  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကုတ်မြို့၊ မဟာသဒ္ဓမ္မပန်းကုံးပရိယတ္တိ စာသင်တိုက်၌ သံဃာတော်များ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ရေဖြန့်ဝေပေးမည့် ဆည်အားပြုပြင်ရန်အတွက် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ကြသည်။ အလှူငွေပေးအပ်ပွဲတွင် ကျောင်းထိုင် ဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော အလှူငွေကျပ် သိန်း ၁၅၀ အား ပြည်နယ်ဝန်ကြီးချုပ်က ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမိသားစုက လှူဒါန်းငွေကျပ်သုံးသိန်းကို ပြည်နယ်ဝန်ကြီးက ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်း တိုက်သို့ ရေဖြန့်ဝေပေးလျက်ရှိသော ဆည်အားသွားရောက်ကြည့်ရှုကြကာ ဆည်ပြုပြင်ရန် လိုအပ်ချက်များအား ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။


ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း တွင် ကျောင်းခြံစည်းရိုး၊ အုတ်တံတိုင်းကာရံခြင်း၊ ကျောင်းအဝင်လမ်း ခင်းခြင်းနှင့် ကျောင်းဆောင်ပြုပြင်နေမှု တို့ကိုလည်းကောင်း၊ သိမ်တောင်ရပ်ကွက်ရှိ အခြေခံပညာမူလ တန်းလွန်ကျောင်းတွင် ကျောင်းခြံစည်းရိုး အုတ်တံတိုင်းကာရံခြင်းနှင့် ကျောင်းအဝင်လမ်း ကွန်ကရစ် ခင်းခြင်း တို့အားလည်းကောင်း၊ တောင်ကုတ်တပ်နယ်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအဝင်လမ်း ကွန်ကရစ် လမ်းခင်းခြင်းနှင့် ကျောင်းခြံစည်းရိုးအုတ်တံ တိုင်းကာရံခြင်းတိုးအား လည်းကောင်းသွားရောက် ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကုတ်မြို့ နယ်စပ်ကုန်သွယ်တံတား တည်ဆောက်မည့် ဆိပ်ခံတံတားနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ပသို့တင်ပို့မည့် ကုန်ပစ္စည်းများ သင်္ဘောပေါ်သို့ အတင်အချပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)