MNP - ဧပြီ ၂၇
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ခမီအမျိုးသားများ၏ (၁၂)ကြိမ်မြောက် အမျိုးသားနေ့အခမ်း အနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်း၌ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအတွင်းရေးမှူး ဦးလေသာကျော်က ခမီရိုးရာမင်္ဂလာကြေးမောင်းကို သုံးကြိမ်တီးခတ်၍ ဖွင့်လှစ်ပေးပြီး ခမီတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား ကောင်းချီးမင်္ဂလာ ဆုတောင်းပေးကာ ခမီအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိန်လှကျော်က ခမီအမျိုးသားနေ့ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းရင်းသား အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးတို့က ဂုဏ်ပြုစကား ပြောကြားကြသည်။ ထို့နောက် ရခိုင်၊ (အရှို)ချင်း၊ မြို၊ မာရမာကြီး၊ သက်စာပေနှင့်ယဉ်ကျေးမှု အသင်းတို့မှ တာဝန်ရှိသူများက ဂုဏ်ပြုစကားအသီးသီး ပြောကြားကြကာ မြောက်ဦး၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်များမှ ခမီတိုင်းရင်းသား၊ တိုင်းရင်းသူများက တိုင်းရင်းသားရိုးရာ အကဖြင့် ကပြဖျော်ဖြေကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ခမီအမျိုးသားနေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၃၀)အား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ပေးအပ် ရာ ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ၊ ဦးလေကျော်အောင် လက်ခံရယူပြီး ဦးလေကျော်အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ခမီတိုင်းရင်းသား တစ်သိန်းခန့်ရှိရာ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နှင့် မောင်တောမြို့နယ် တို့တွင် နေထိုင်ကြကြောင်းသိရသည်။
သတင်း - တင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment