နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား




MNP ၊ ဧပြီ ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် ဦးဆောင်ကော်မတီအစည်းအဝေး၏ တတိယအကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်လာကြသဖြင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း။

တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိမှုအခြေအနေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြလျက်ရှိရာ ဦးဆောင်ကော်မတီ၏ ၁/၂၀၂၂ အစည်းအဝေးကျင်း ပခဲ့ခြင်းနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ဖမ်းဆီးရမိမှု လချုပ်တင်ပြခဲ့မှုအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တရားမဝင်ကုန်သွယ်မှုများ ရှိနေဆဲဖြစ်လို့ ထိထိရောက်ရောက် အရှိန်မြှင့်ဆောင်ရွက်ဖို့”နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရီးစဉ်၌လည်း “နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တရားမဝင် ကုန်သွယ်မှုများ မရှိစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ဖို့” လမ်းညွှန်မှာကြားခဲ့ကြောင်း။

နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို အလေးထားသည့်အတွက် မိမိတို့အားလုံး လမ်းညွှန်ချက်အတိုင်း အရှိန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖမ်းဆီးရမိ အမှုတွဲ (၂၉၈)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၆ ဒသမ ၃၂၄)ဘီလီယံနှင့် ဖေဖော်ဝါရီလတွင် ဖမ်းဆီးရမိ အမှုတွဲ (၂၄၇)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃ ဒသမ ၁၅၀)ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင် ဖမ်းဆီးရမိ အမှုတွဲ (၃၀၁)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃ဒသမ၄၃၀)ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း။

ဦးဆောင်ကော်မတီအစည်းအဝေး(၁/၂၀၂၁) ကျင်းပခဲ့ပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ (၃)လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၈၄၆)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၁၂ ဒသမ ၉၀၄)ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ (၃)လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၅၀၁)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၁ ဒသမ ၈၁၅)ဘီလီယံ ဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ (၃၄၅)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၁၁ ဒသမ ၀၈၉) ဘီလီယံ ပိုမို ဖမ်းဆီးနိုင်ခဲ့ကြောင်း။

ယခင်နှစ် တစ်နှစ်လုံးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိတန်ဖိုးကျပ် (၈ ဒသမ ၄၅၉)ဘီလီယံသာ ဖမ်းဆီးရမိခဲ့သည့်အတွက် (၃)လအတွင်း ခန့်မှန်းတန်ဖိုးကျပ် (၄ ဒသမ ၄၄၅)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ထိုသို့ဖမ်းဆီးရမိမှု တိုးတက်လာခြင်းကို ကျေနပ်မနေဘဲ နိုင်ငံတော်နှင့် စီးပွားရေးမဏ္ဍိုင်ကို ထိုးနှက်မှုရှိနေသော တရားမဝင်ကုန်သွယ်မှုများ ရှိနေဆဲဖြစ်၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ဖမ်းဆီးရမိပစ္စည်းများတွင် ကန့်သတ်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် ပေါက်ကွဲစေတတ်သည့် ကန့်သတ်ပစ္စည်းများသာမက ဓါတုကုန်ကြမ်းပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များကိုပါ ဖမ်းဆီးရမိသည်ကို တွေ့ရကြောင်း။

အဆိုပါ ဖမ်းဆီးရမိကုန်ပစ္စည်းများမှ ကန့်သတ်ထားသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ဓါတုကုန်ကြမ်းပစ္စည်းများနှင့် မူးယစ်ဆေးဝါးများသည် ပြည်တွင်း၌ အသုံးချရန် ရည်ရွယ်ခဲ့ပါက မိမိတို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် အန္တရာယ်ကြီးမားသကဲ့သို့ အခြားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ရောက်ရှိသွားမည်ဆိုပါက နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ကျဝန်ထမ်းများအနေဖြင့် တားဆီးစစ်ဆေး အရေးယူမှုများနှင့်စပ်လျဉ်း၍ သစ္စာရှိရှိ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

တိုးတက်မှုတစ်ခုအနေဖြင့် ယခင်က တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရမိမှု မရှိခဲ့သည့် ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဖမ်းဆီးရမိမှုများ ရှိလာသည်ကို တွေ့ရကြောင်း၊ နယ်စပ်ဒေသများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ကုန်းတွင်းပိုင်းတို့တွင် ပုံမှန်ဖမ်းဆီးရမိမှုများ ရှိနေသော်လည်း ကမ်းရိုးတန်းဒေသများ၌ ဖမ်းဆီးရမိမှု အားနည်းနေသည်ကို တွေ့ရကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် အခက်အခဲများ တွေ့ကြုံရပါက ဦးဆောင်ကော်မတီသို့ တင်ပြကြရန်နှင့် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ဖမ်းဆီးရမိမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများအနေဖြင့် သတ်မှတ်ဆုကြေးများ မြန်မြန်ဆန်ဆန် ခွဲဝေထုတ်ပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေကြကြောင်း၊ သတ်မှတ်ထားသည့် ဆုကြေး မြန်မြန်ဆန်ဆန် ခွဲဝေချီးမြှင့်မှုသည် တာဝန်ကျဝန်ထမ်းများကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် စိတ်အားထက်သန်မှု ပိုမိုဖြစ်ပေါ်စေကြောင်း။

တရားမဝင်ကုန်ပစ္စည်းများကို တားဆီးစစ်ဆေးအရေးယူရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအပြင် တရားမဝင်ကုန်ပစ္စည်း တင်ဆောင်လာသည့် ယာဉ်များကိုလည်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရခြင်းများလည်းရှိကြောင်း၊ သို့သော် စနစ်တကျ ထိန်းသိမ်းခြင်းမရှိသည့်အတွက် ဖမ်းဆီးရမိ မော်တော်ဆိုင်ကယ်အများစုသည် သုံးစွဲ၍မရအောင် ပျက်စီးနေသည့်အတွက် များစွာဆုံးရှုံး နစ်နာကြောင်း။

ထို့အတူ ဖမ်းဆီးရမိမော်တော်ယာဉ်များကို စိစစ်ရာတွင် မော်တော်ယာဉ် ၂၅၇ စီးတွင် ၇ စီးသာ အမှန်တကယ် အသုံးပြု၍ရသည့်အတွက် (၂ ဒသမ ၄)ရာခိုင်နှုန်းသာ အသုံးပြုနိုင်သည်ကို တွေ့ရှိရကြောင်း၊ နည်းလမ်းများ ရှာဖွေဖြေရှင်းသွားကြရမည် ဖြစ်ကြောင်း။ လိုအပ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်၍ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပ အဖြေရှာသွားကြရမည် ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် လုပ်ထုံးလုပ်နည်းများ တပြေးညီဖြစ်ရန် လိုအပ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာသော ယာဉ်များကို မည်သို့သော အခြေအနေမျိုးတွင် သိမ်းဆည်းမည်၊ မည်သည့်ဥပဒေဖြင့် အရေးယူမည်၊ မည်သည့်ဌာန အဖွဲ့အစည်းသို့ အပ်နှံရမည် စသည့် လုပ်ထုံးလုပ်နည်းများများစွာ ကွာခြားမနေရန်လိုကြောင်း၊ ပိတ်ပင်တားမြစ်ကုန်ပစ္စည်း သယ်ဆောင်ခြင်း၊ ကန့်သတ်ကုန်ပစ္စည်းများနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်း သယ်ဆောင်ခြင်းဟူ၍ သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများ၊ အရေးယူရမည့် ဥပဒေပုဒ်မများကို တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင်သော ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ဌာနတစ်ခုနှင့် တစ်ခုရှိ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အပြန်အလှန် သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ အထူးသဖြင့် တရားမဝင်ကုန်ပစ္စည်း တားဆီးဖမ်းဆီးရာတွင် ပါဝင်သော၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ချိန်တွင် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ SOP များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပိုမိုကျေညက်စွာ နားလည်ရန် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း။

ပြည်သူလူထုကို အန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်နှင့် ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ ယမန်နေ့က MICC-II ၌ ကျင်းပခဲ့သည့် အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်း အခမ်းအနားတွင် FDA နှင့် ဆက်စပ်ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် မူဝါဒလုပ်ငန်းစဉ်များအတိုင်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိစေသော်လည်း တရားမဝင်ကုန်သွယ်မှု လုပ်ကိုင်သည့်သူများတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာကြောင်း၊ ထိုသို့သော ထိခိုက်ဆုံးရှုံးမှုများအတွက် ဖမ်းဆီးမှုတွင်ပါဝင်သည့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို မကျေနပ်သောစိတ်၊ လက်စားချေလိုသောစိတ်ဖြင့် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ထိခိုက်နစ်နာအောင် နည်းမျိုးစုံသုံး ကြိုးပမ်းနေကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ဂရုစိုက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် OSS အဖွဲ့ဝင်ဌာနများသို့ ညွှန်ကြားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း လှုပ်ရှားဆောင်ရွက်စေခဲ့ကြောင်း၊ ဌာနအကြီးအကဲများအနေဖြင့် နိုင်ငံ့တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများကို မိသားစုဝင်ကဲ့သို့ သဘောထား၍ ၎င်းတို့၏ လုံခြုံရေးနှင့် နေထိုင်မှု အဆင်ပြေရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် တားဆီးစစ်ဆေး အရေးယူခြင်းများ ရှိသကဲ့သို့ တာဝန်သိပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများမှတစ်ဆင့် ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သည်များလည်း ရှိကြောင်း။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း သတင်းပေးတိုင်ကြားမှု စုစုပေါင်း (၂၉)မှုရှိခဲ့ပြီး ဖမ်းဆီးရမိမှု (၂၂)မှု၊ သတင်းမှား (၅)မှု၊ နောက်ကျသတင်းပေး (၁)မှုနှင့် ဆောင်ရွက်ဆဲ (၁)မှုတို့ဖြစ်ပြီး သတင်းပေးတိုင်ကြားမှု၏ (၇၆)ရာခိုင်နှုန်းခန့် အမှန်တစ်ကယ် ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရကြောင်း။

ယခုအချိန်အထိ သတင်းပေးတိုင်ကြားမှုများ ဆက်လက်ရရှိနေပြီး သတင်းချပြ ဖမ်းဆီးရမိမှုများလည်း ရှိနေကြောင်း၊ သို့သော် တရားမဝင်ကုန်သွယ်မှု အခြေအနေနှင့် တိုင်ကြားမှုအရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် နည်းပါးနေသေးသည့်အတွက် တရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်ကြောင်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် စီမံဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အတူ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ညှိနှိုင်းပြင်ဆင်ပြဋ္ဌာန်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အရေးယူခြင်းများ ဆောင်ရွက်သကဲ့သို့ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း‌ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်အောင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး ၁/၂၀၂၂ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီ ရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်တို့က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ၂/၂၀၂၂ သို့ တင်ပြသည့် အမှာစာများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးဝင်းရှိန်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဦးဆောင်ကော်မတီ ရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)