မိန်းမလှကျွန်းဘေးမဲ့တောတွင် ဒီရေတောများ ပြန်လည်ဖြည့်တင်း စိုက်ပျိုးခြင်းဖြင့် ဒေသခံများ၏ ဝင်ငွေအခွင့်အလမ်း ဖော်ဆောင်ခြင်းစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိန်းမလှကျွန်းဘေးမဲ့တောတွင် ဒီရေတောများ ပြန်လည်ဖြည့်တင်း စိုက်ပျိုးခြင်းဖြင့် ဒေသခံများ၏ ဝင်ငွေအခွင့်အလမ်း ဖော်ဆောင်ခြင်းစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ


MNP - ဧပြီ   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် လူတို့၏ အလွန်အကျွံ စည်းကမ်းမဲ့ ထင်းခုတ်ယူမှုနှင့် နာဂစ်မုန်တိုင်း ကဲ့သို့သော သဘာဝဘေးမုန်တိုင်းဒဏ်များကြောင့် ဒီရေတောများ ပျက်စီးဆုံးရှုံးလာခဲ့ရာ ၎င်းဘေးမဲ့တောကြီးအား ဒီရေတောများ ပြန်လည်ဖြည့်တင်း စိုက်ပျိုးခြင်းဖြင့် ဒေသခံများ၏ ဝင်ငွေ အခွင့်အလမ်းဖော် ဆောင်နိုင်ရေးစီမံကိန်းအတွက် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များ၊ မိန်းမလှကျွန်းနှင့် ထိစပ်နေသည့် ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့များ၊ စီမံကိန်းအား အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ကြမည့် သစ်တောနှင့် ဒီရေတောဆိုင်ရာအဖွဲ့များ၊ ဘိုကလေးမြို့နယ်အခြေစိုက် "မြင့်မြတ်သူတို့ နှလုံးသား" ပရဟိတအဖွဲ့တို့ တက်ရောက်ကြ သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြင့်မြတ်သူတို့ နှလုံးသားအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇင်မျိုးမှ စီမံကိန်း ချိတ်ဆက် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းအရာရှိ ဦးထွန်းထွန်းဇော်မှ စီမံကိန်း လုပ်ဆောင်ချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲများနှင့် ဖြေရှင်းနိုင်သည့် နည်းလမ်းများအား ဒေသခံများမှ အကြံပြုခြင်းတို့ဖြင့် ကျင်းပခဲ့သည်။

မိန်းမလှကျွန်းဘေးမဲ့တောသည် ၁၉၉၃ ခုနှစ်တွင် မိန်းမလှကျွန်းဘေးမဲ့တောအဖြစ် သစ်တော ရေးရာဝန်ကြီးဌာနမှ သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရသည်။

မိန်းမလှကျွန်းပေါ်မှ ဒီရေတောများသည် မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသည့်  အပင်နှင့် အကောင်မျိုးစိတ်များအတွက် မှီခိုနေထိုင်ရာအိမ်ဖြစ်ပြီး ၎င်း၏ ပတ်ဝန်းကျင်ရှိ ကျေးရွာ(၃၂)ရွာမှ အိမ်ထောင်စု (၈၀၀၀)ကျော်၏ စားဝတ်နေရေးနှင့် ဝင်ငွေအတွက် မှီခိုရာ ဖြစ်ကြောင်းနှင့် ပို၍အရေးပါသော အချက်မှာ ပတ်ဝန်းကျင်ဒေသများကို သဘာဝဘေး အန္တရာယ်များ၏ ဒဏ်မှ ကာကွယ်ပေးလျက်ရှိနေကြောင်းလည်း သိရသည်။

ယခု မိန်းမလှကျွန်းပေါ်၌ ဆောင်ရွက်မည့် ဒီရေတောများ ပြန်လည်ဖြည့်တင်း စိုက်ပျိုးခြင်း စီမံကိန်းသည် ဒီရေတောများ ပြန်လည်ထူထောင် စိုက်ပျိုးရုံသာမက အပင်ပေါက်ရောက်မှု ပိုမိုများပြား သိပ်သီးလာစေရန်၊ မျိုးတုံးပျောက်ကွယ်တော့မည့် ဒီရေတော မျိုးစိတ်များ အပါ အဝင် ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုကောင်းမွန်လာစေရန်နှင့် ဒီရေတော‌ဂေဟစနစ်ကို ပိုမိုကျန်းမာ သန်စွမ်းလာစေရန်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိန်းမလှကျွန်း ပတ်ဝန်းကျင်ရှိ ဒီရေတောကို မှီခိုအားထားနေရသည့် ဒေသခံများနှင့် အတူ ဆောင်ရွက်မည်ဖြစ်သဖြင့် ဒေသခံများအတွက် ဝင်ငွေအခွင့်အလမ်းများ ရရှိကာ ၎င်းတို့၏ စားဝတ်နေရေးကို အထောက်အကူပြုစေမည့်အပြင် ၎င်းတို့ ပါဝင်စိုက်ပျိုး ထိန်းသိမ်းမှုများကြောင့် ကောင်းမွန်သန်စွမ်း ကျန်းမာလာမည့် ဒီရေတော ဂေဟစနစ်သည် စိုက်ပျိုးရေးသီးနှံနှင့် သား၊ငါး၊ ပုဇွန်များ ရေရှည်ရရှိနိုင်စေမည် ဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူများထံမှ သိရသည်။

သတ်း - မိုးစက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)