ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်



MNP -  ဧပြီ  ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်း ဧပြီ(၂၀)ရက်က ဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များနှင့် လေပြင်းသင့် ပြည်သူများ အား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့ အားကစား လေ့ကျင့်ရေးစခန်းအမှတ်(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင် နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးကျော်သိန်းဆိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော် စိုးဦး နှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကား ပြောကြားရာ တွင် “ ကမ္ဘာကြီးပူနွေးလာမှုနှင့်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ အလွန်မြန်ဆန် လာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံအသီးသီးရှိ ပြည်သူများ အနေဖြင့် သဘာဝဘေး အန္တရာယ် များကို ယခင်ကနှင့်မတူဘဲ အကြိမ်ရေခပ်စိပ်စိပ် ကြုံတွေ့ခံစားနေရပါကြောင်း၊ ထို့အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း လေပြင်းဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ကမ်းပြို ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်တို့ကို နှစ်စဉ်ကြုံတွေ့ခံစားနေရပါကြောင်း၊ နေပြည်တော် အနေဖြင့် အခြားတိုင်းဒေသကြီး ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက သဘာဝဘေး အန္တရာယ်ဖြစ်ပွား မှု နည်းပါးသော်လည်း ယခုလို အပူရှိန်ပြင်းသည့် ဆောင်းအကုန်နွေအကူး၊ မိုးဦးကာလနှင့် မိုးနှောင်းကာလတို့တွင် လေပြင်းဘေးအန္တရာယ်ကို နှစ်စဉ်ပြင်းထန်စွာ ကြုံတွေ့ ခံစားနေကြရ သည်ကို သတိပြုမိပါကြောင်း ၊ ယခုလို စိုက်ဆင်းလေပြင်းများဟာ အများအားဖြင့် နံနက်ခင်းနှင့် ညပိုင်းအချိန်များတွင် ဖြစ်လေ့မရှိဘဲအပူချိန်ပြင်းသည့် နေလယ်ခင်းနှင့် မွန်းလွဲချိန်များတွင်သာ ဖြစ်ပေါ်လေ့ရှိသည့်အတွက် နေ့အချိန်အပြင်ထွက်၍ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန် နေကြရသည့် ပြည်သူများအနေဖြင့် အထူးသတိထား နေထိုင်လုပ်ကိုင်ကြပါရန် တိုက်တွန်းပါ ကြောင်း လေပြင်းဘေးသည် နေပြည်တော်အတွင်း အဖြစ်အများဆုံးဘေးအန္တရာယ် တစ်ခုဖြစ်ပါ ကြောင်း နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် သဘာဝ ဘေးရင်ဆိုင်တုံ့ပြန်နိင်ရေး သဘာဝဘေးလုပ်ငန်းအစီအမံများ ရေးဆွဲ ဆောင်ရွက်ထားပြီးဖြစ်ပါ ကြောင်း အဆင့်သင့်ကြိုတင်ပြင်ဆင်ထားမှသာ သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ပြည်သူများ အနေဖြင့် သဘာဝဘေး ဒဏ်များကို ကြံကြံခံရင်ဆိုင်တုန့်ပြန်နိုင်စွမ်း မြင့်မားလာကာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တစ်တပ်တအား ပါဝင်နိုင်မှာဖြစ်ကြောင်း” စသည့်ဖြင့် ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ် ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဒက္ခိဏခရိုင် အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ငွေများအား ပေးအပ်ရာ ဒက္ခိဏခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးက လက်ခံရယူသည်။ ဆက်လက်၍ နေပြည်တော် ကောင်စီအဖွဲ့ ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးမြင့်စိုး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ်ကျော်စိုးဦးတို့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ လေဘေးသင့် ပြည်သူများကိုယ်စား လယ်ဝေးမြို့နယ်မှ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မိုးသက်လေပြင်းဘေး ကြောင့် ပျက်စီးခဲ့သည့် လယ်ဝေးမြို့နယ် သော်‌မှော်ကုန်းအုပ်စု အောင်စေတနာကျေးရွာရှိ လေဘေး သင့်ပြည်သူများထံ သွားရောက်၍ အားပေးစကားပြောကြားခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိ မြို့နယ် တို့တွင် ဧပြီ(၂၀)ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပြိုလဲနေအိမ် (၁၅၆)လုံး ၊ အမိုးလန်နေအိမ်(၈၈၃)လုံး စုစုပေါင်း လူနေအိမ်(၁၀၃၉)လုံး၊ ဘုန်းတော်ကြီး ကျောင်း(၈) ကျောင်း တို့အတွက် ပြိုလဲနေအိမ်(၁)အိမ်လျှင်  (၄၉၀၃၉)ကျပ်တန်ဖိုးရှိ ပစ္စည်း (၁၇)မျိုးပါ ထောက်ပံ့ပစ္စည်းပုံး (၁၅၆)ပုံး၊ လူဦးရေ(၄၃၉၅)ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေ (၉၂၃၃၇၀၀) ကျပ်၊ အိမ်ထောင်စု(၁၀၃၉)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၄၁၈၇၁၁၀၀) ကျပ်နှင့် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအတွက် ထောက်ပံငွေ ကျပ်တစ်သိန်း ဘုန်းတော်ကြီး ကျောင်း(၈) ကျောင်းအတွက် ဆောက်လုပ်ရေးပစ္စည်းထောက်ပံ့ငွေ(၄၉၀၀၀၀)ကျပ် စုစုပေါင်း (၅၉၃၄၄၄၁၆) ကျပ် တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)