MNP - ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက အင်းရွာ တောင်သူလယ်သမား သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ (၂၅)ဦးသို့ အခမဲ့ ထောက်ပံ့ပေးခဲ့သည်။ ပေးအပ်ပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဥမ္မာဟန်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
သာယာဝတီမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ဧက ၁၅၀ ကို မိုးကြိုရာသီအမီ ကြဲပက်စိုက်ပျိုးသွားမည်ဖြစ်သည်။ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကြောင့် လယ်ယာမြေများ မြေဆီမြေဩဇာ ဖွံ့ဖြိုးတိုးတက်၍ သီးနှံအထွက်နှုန်းများ တိုးတက်လာမည်ဖြစ်သည့်အပြင် တောင်သူများအနေဖြင့်လည်း မိမိတို့၏ လယ်ယာမြေတွင် သဘာဝသစ်စိမ်း မြေဩဇာများ ထည့်သွင်းခြင်းကြောင့် မြေဆီအာဟာရ တိုးတက်ခြင်းအကျိုးကျေးဇူးများကို ရရှိစေနိုင်မည့် အပြင် ဓာတ်မြေဩဇာသုံးစွဲမှုကိုလည်း လျော့ချပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
သတင်း - သန့်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment