ငါန်းဇွန်မြို့တွင် (၃၉) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့တွင် (၃၉) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ



MNP -  ဧပြီ   ၂၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ ရွှေရပ်သာမြတ်စွာဘုရားဝန်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီး၌ မြန်မာနှစ်ဆန်း (၁) ရက်နေ့မှစ၍ (၁၁)ရက်တိုင်တိုင် (၃၉)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ပူဇော်ပွဲကျင်းပခဲ့ရာ ယမန်နေ့ ညနေ ၃နာရီအချိန်က အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တဝါသေက ပါရမီ(၁၀)ပါး ဘုရားရှစ်ခိုးဂါထာတော် ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ ပဋ္ဌာန်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများသည် ဆရာ တော် ဘဒ္ဒန္တသံကိစ္စထံ သီလခံယူဆောက်တည်ကြပြီး နာယကဆရာတော် (၄)ပါးနှင့် ဘာဏကဆရာတော် (၄၁) ပါးတို့အား စာရေးတံမဲဖောက် လှူဒါန်းပူဇော်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သံဃာ့မဟာနယကအဖွဲ့ဝင် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနရပတိထံ လှူဒါန်းမှုအစုစုကို ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်ဘဒ္ဒန္တပညာနန္ဒက အနုမောဒနာဂါထာတော် ရွတ်ဖတ်ပူဇော်သည်။ ယင်းနောက် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသက နတ်ဗြဟ္မာများအား ပြန်ပို့ရန် ဂါထာတော်ရွတ်ဖတ်ပူဇော်ပြီး နာယကဆရာတော် (၄)ပါးနှင့် ဘာဏကဆရာ တော်(၄၁)ပါးတို့အား သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်၍ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။               

သတင်း - သက်နောင်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)