MNP - ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သဖြင့် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်လင်းက လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများက ဗဟိုမဏ္ဍပ်တည်ဆောက်ရေး၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေး၊ အခမ်းအနားပြင်ဆင် ဆောင်ရွက်ရေးနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်ဝင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment