ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံ‌ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံ‌ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲ ကျင်းပ

 


MNP -  ဧပြီ   ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍  အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ သင်တန်းမှာသင်ကြားတဲ့ စာတွေ့၊ လက်တွေ့သင်ခန်းစာတွေကို နောင်ကိုယ့်ပတ်ဝန်းကျင်မှာ အရေးကြုံလာရင် အကျိုးရှိရှိပြန်လည်အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ကိုယ်တတ်ထားတဲ့ပညာကို တခြားသူတွေကို ပြန်လည်မျှဝေပေးပြီး ကိုယ်ကိုယ်တိုင်လည်း လက်တွေ့အကျိုးရှိရှိ အသုံးချရမယ့်နေရာတွေမှာ ပြန်လည်အသုံးချကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင်ထူးချွန်ဆုရရှိသူ သင်တန်းသူ(၃)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးချစ်ကိုကို၊ မြို့နယ်ပြန်/ ဆက်ဦးစီးမှူး ဒေါ်သဇင်တို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီးနောက် သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းဆင်းလက်မှတ်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။   

ဆက်လက်ပြီး သင်တန်းသူများက လက်တွေ့သရုပ်ပြသခဲ့သည်။ သင်တန်းတွင် ကြက်ခြေနီသမိုင်းအကြောင်း၊ ရှေးဦးပြုစုခြင်းသဘောတရား အပူလောင်ခြင်း၊ ဆို့နင်ခြင်း၊ သွေးဆုတ်သွေးလန့်၊ သတိလစ်ခြင်း၊ ပတ်တီးစည်းခြင်း၊ လူနာသယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ အရိုးကျိုးခြင်းစသည့်ဘာသာရပ်များအား သင်ကြားပို့ချခဲ့ကာ သင်တန်းသား၊ သင်တန်းသူ(၃၄)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၃)ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)